ဒီနေ့ကျမ်းစာမှာ အခွန်ခံ ဇာခေဦးရဲ့ ကယ်တင်ခြင်း အကြောင်း ပြောထားပါတယ်။ ခမည်းတော် ဘုရားရှင်ရဲ့ ကြီးမားတဲ့ မေတ္တာတော်ကို ခရစ်တော်က လူ့အဖြစ်နဲ့ လူတွေ နားလည်တဲ့ နည်းလမ်းတွေနဲ့ ထုတ်ဖော် ပြသလေ့ ရှိပါတယ်။ အခွန်ခံ ဇာခေဦးဟာ ခရစ်တော်ကို တွေ့ချင်လွန်းလို့ လာရာလမ်းက သစ်ပင်ပေါ်တက်ပြီး စောင့်ခဲ့တယ်လို့ ဆိုထားတယ်။ အမှန်တော့ ခရစ်တော်က ဇာခေဦးကို အရင်ပထမ ရှာဖွေတွေ့ရှိခဲ့ပြီး ဇာခေဦး ဆင်းခဲ့ ဒီနေ့ သင့်အိမ်မှာ ငါလာမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ ဒါဟာ ဘုရားရဲ့ ချစ်ခြင်းပါပဲ။ အပြစ်ရှိတဲ့ လူသားတွေကို ချစ်လို့ ပျောက်သောသိုး၊ ပျောက်သော ဒင်္ဂါးပုံဥပမာလို သူ့အား ကျောခိုင်းသွားတဲ့ အပြစ်ရှိတဲ့ လူသားလေးတွေကို မတွေ့တွေ့အောင် ရှာတယ်၊ သူ့ဆီ ပြန်လာအောင်၊ သူကပဲ အရင်စိတ်ဝင်စားပြီး ကြိုဆိုတယ်။ ပျောက်ဆုံးတဲ့ အပြစ်သား နောင်တရပြီး သူ့ဆီ ပြန်လာတဲ့အခါ ကောင်းကင် တစ်ခုလုံး ပျော်ရွှင်တယ်လို့ ခရစ်တော် ကိုယ်တိုင် မိန့်တော် မူထားသလို “ကျန်းမာသူတို့က ဆေးဆရာကို မလို၊ မကျန်းမာ သူတို့သာလျှင် အလိုရှိကြ၏။ ငါဟာ ဖြောင့်မတ် သူတို့ကို မဟုတ်၊ ဆိုးသော သူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ငါလာတယ်”လို့ ဆိုထားပါတယ်။ အပြစ်သားများအပေါ် ထားရှိသော ဘုရားရဲ့ ကရုဏာတော်ပင် ဖြစ်ပါတယ်။
စဉ်းစားဆင်ခြင်ရန်- မေတ္တာတော်ရှင် ဘုရားသခင်ရဲ့ တစ်ခုတည်းသော အလိုတော်ဖြစ်တဲ့ လူသားအားလုံး သူ့ဆီ ပြန်ရောက်ရမယ်ဆိုတဲ့ စီမံကိန်းတော်ကို ကြိုးစားပြီး အကောင်အထည် ဖော်ရင်း မိမိကိုယ်တိုင်နဲ့တကွ တစ်ပါးသူများကိုလည်း ကယ်တင်ခြင်း ခံရစေဖို့။
#Sr. Christopher (SJA)