ဒီနေ့ကျမ်းစာထဲမှာ အမတ်ကြီးတစ်ယောက်က မင်းကြီးအရာကို ခံယူပြီးမှ မိမိပြည်ကိုပြန်လာမယ်လို့အကြံ ရှိတာကြောင့် သူ့ငယ်သားတွေထဲက တစ်ယောက်ကိုငွေပိသာ (၁၀)နောက်တစ်ယောက်ကို (၅)ပိသာ၊ နောက်တစ်ယောက်ကို တစ်ပိသာပေးပြီး သူ့ပြန်လာတဲ့အချိန်ထိ ကုန်သွယ်ကြ၊ တိုးပွါးအောင်လုပ်ထားကြလို့မှာထားခဲ့ပြီး အဝေးကိုထွက်သွားတယ်။
မင်းကြီးအရာနဲ့ပြန်ရောက်လာပြီး ငယ်သားတွေကို စစ်ဆေးတဲ့အချိန်မှာ ငွေ ၁၀ ပိသာလက်ခံထားသူက နောက် ထပ်ငွေ ၁၀ ပိသာအမြတ်ရပါပြီ ဆိုပြီး၊ အရင်းရောအမြတ်ရော ပြန်အပ်တဲ့အခါ မင်းကြီးက “သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် ငယ်သောအမှု၌ သစ္စာရှိ၏။ မြို့ဆယ်မြို့ကို အုပ်စိုးလော့”လို့ဆိုတယ်။ နောက် ငွေ ၅ ပိသာခံယူထားတဲ့ ငယ်သားကလည်း နောက်ထပ် ငွေ ၅ ပိသာအမြတ်ရပါတယ်လို့ အပ်နှံတော့ မင်းကြီးက သူ့ကိုလည်း မြို့ ၅ မြို့ကိုအုပ်စိုးစေသတဲ့။ နောက်ဆုံး ငွေတစ်ပိသာခံယူထားတဲ့ ငယ်သားကတော့ အရှင့်ရဲ့ငွေကို ပုဝါနဲ့ထုတ်ပြီး သိမ်းထားပါတယ်ဆိုပြီး ငွေတစ်ပိသာကိုအရင်းအတိုင်းပဲ မင်းကြီးကိုပြန်ပေးတဲ့အခါ မင်းကြီးက “ပျင်းရိဆိုးမိုက်သော ငယ်သား သင်ရရှိတဲ့ တစ်ပိသာကို ဘာကြောင့်တိုးပွါးအောင်မလုပ်ဘဲ သိမ်းထားရသလဲ။ သင့်လက်မှ ထိုငွေကိုနှုတ်ယူပြီး ပိသာ ၁၀ ရှိသောသူကို ပေးအပ်ကြ” လို့ အမျက်ထွက် စီရင် တယ်လို့ဆိုထားပါတယ်။
ဒါဟာ သခင်ခရစ်တော်ပြောပြတဲ့ပုံဥပမာပါ။
တို့တတွေကိုယ်စီတိုင်းကိုလည်း ကျေးဇူးတော်တွေကိုယ်စီပေးထားပြီးဖြစ်တယ်။ ရည်ရွယ်ချက်နဲ့ ပေးသနားထားတဲ့ အမျိုးမျိုးသော ဒီကျေးဇူးတော်တွေကို ဘုရားရှင်ရဲ့ဘုန်းဂုဏ်တော်အတွက်၊ လောကအကျိုး၊ အများအကျိုးအတွက် တိုးပွါးအောင် အားထုတ်၊ ဆောင်ရွက်မှုမရှိရင်တော့ ကိုယ်တော်ဟာ တို့ဆီမှာရှိတာတွေကို ပြန်လည်ရုပ်သိမ်းသွားပါနိုင်ပါတယ်။
စဉ်းစားဆင်ခြင်ရန်-
ကျွန်ုပ်ကို ဘုရားရှင်က ဘာကျေးဇူးတော်တွေ၊ အရည်အချင်းတွေပေးထားသလဲ။
ဒီကျေးဇူးတော်တွေကို သိမြင်၊ အသိအမှတ်ပြုရဲ့လား။ ဘယ်လိုအသုံးပြုနေသလဲ။