ယနေ့ ကြားနာခဲ့ရသော ဟေရှာယကျမ်းစကားတွင် လူ့အဖြစ်ကိုယူ၍ ဆင်းကြွလာမည့် ကယ်တင်ရှင်၏ လုပ်ဆောင်မည့်အရာ၊ ဖြစ်ပျက်မည့်အရာများကို ပြောထားခြင်းပင်ဖြစ်သည်။ ဆက်လက်၍ ကြားနာခဲ့ရသော ဧဝံဂေလိကျမ်းကို ဆက်စပ်ဖော်ပြနေခြင်း ဖြစ်သည်။ ပရောဖက်ဟေရှာယအချိန် ဘုရားသခင်သည် မိမိ၏လူမျိုးတို့ကို မတရားနှိပ်ကွပ်သူတို့လက်မှ လွတ်မြောက်စေပြီး ကျန်းမာသန်စွမ်းလျှက် ပျော်ရွှင်ခြင်း အပြည့်ဖြင့် ဇီအုန်မြို့သို့ ပို့ဆောင်တော်မူသည်။ ထို့အတူ ကယ်တင်ရှင် မက်ဆီးယားသခင်သည် လူ့အဖြစ်ကို ယူတော်မူ၍ လောကသို့ ဆင်းကြွလာသောအခါ ယုဒေယပြည်၊ ဂါလီလဲနယ်တစ်လျှောက်လုံးတွင် နိုင်ငံတော်၏ သတင်းကောင်းကို ကြော်ငြာဟောပြောခြင်း၊ ရောဂါမှန်သမျှကို ကုသပျောက်ကင်းစေခြင်းဖြင့် တန်ခိုးအံ့ဖွယ်ရာများကို ပြသ၍ ဆောင်ရွက်တော်မူသည်။ မိမိ၏သိုးစုများကိုလည်း ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်တော်မူသည်။ ယနေ့ကျမ်းစာတော်မြတ်၌ ခြေလက်သေ၍ လေဖြတ်နေသော လူနာတစ်ယောက်ကို ထမ်းစဉ်ဖြင့် ထမ်းလာ၍ လူများသောကြောင့် ခရစ်တော်ရှင်ထံအရောက်ပို့ရန် အိမ်ခေါင်းမိုးပေါ်ချီမပြီး ကိုယ်တော်ရှိရာ တည့်တည့်သို့ အိပ်ယာနှင့်တကွ လျှောချကြကြောင်း ကြားနာရလေသည်။ ထိုအဖြစ်အပျက် အခြင်းအရာကို ကြည့်ခြင်းအားဖြင့် သခင်ခရစ်တော်ပေါ် သူတို့၏ယုံကြည်ခြင်း ကြီးမားခြင်းရှိကြောင်း၊ အံ့ဖွယ်တွေ့ရှိရပေသည်။ ထို့အပြင် ခြေလက်သေ၍ လေဖြတ်နေသောသူသည် မိမိ၏အနာရောဂါကို ပျောက်ကင်းစေနိုင်သော ခရစ်တော်ရှင်ထံသို့ မိမိကိုယ်တိုင် မသွားနိုင်ပေ။ မိမိ၏အနီးအပါးတွင် ရှိသောသူများက ပို့ဆောင်ပေးမှသာ ရောက်ရှိနိုင်ပေသည်။ ထိုကြောင့် ပို့ဆောင်ပေးကြသော သူများ၏လူနာအကျိုး မျှော်ကိုး၍ အခက်အခဲများ ကျာ်ဖြတ်ပြီး ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ ပို့ဆောင်ပေးကြသော အများအကျိုးဆောင် ပရဟိတစိတ်ဓာတ် ကရုဏာတရားကို လေးစားဖွယ် တွေ့ရပေသည်။ ခရစ်တော်သခင်သည် လောကသို့ ဆင်းကြွခြင်းသည် အပြစ်ရှိလူသားများအား အပြစ်ကျော့ကွင်းမှ လွတ်မြောက်စေဖို့ရန်၊ အပြစ်၏ကျွန်၊ နတ်ဆိုး၏ကျွန်ဘဝမှ လွတ်မြောက်စေဖို့ရန်၊ အပြစ်၏ အဖိုးအခအတွက် ပေးဆပ်ခံရမည့် ရောဂါဝေဒနာ အမျိုးမျိုး၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန်၊ ကုသရန်နှင့် အမြဲတမ်း အားပေးရန် ဆင်းကြွလာခြင်း ဖြစ်ပေသည်။ ထို့အတူ ကျွန်ပ်တို့သည်လည်း နတ်ဆိုး၏ကျော့ကွင်းမှ ကျော်လွှား လွတ်မြောက်နိုင်ဖို့ရန် ကယ်တင်ရှင်ထံ ကျေးဇူးတောင်းခံရင်း ကျေးဇူးတော် အခြေအနေကို လိုအပ်နေသော၊ နီးစပ်သော ညီအစ်ကိုမောင်နှမများအပေါ် မေတ္တာ၊ ကရုဏာထား ကူညီမစမှုများ ပြုလုပ်ဆောင်ရွက်ရင်း ခရစ်တော်နှင့်အတူ လက်တွဲလုပ်ဆောင်ကြပါစို့။ မက်ဆီးယားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော် ခံစားရရှိရန်၊ အခြားသူများရရှိရန် ဆောင်ရွက်ဖို့ ရန် ကျွန်ပ်တို့ကိုယ်စီ ဘုရားပေးတာဝန်ဖြစ် ကြောင်း လေးနက်စွာ သိမှတ်ဝန်ခံကြပါစို့။
စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)