#နိုဝင်ဘာ (၁၉)ရက်၊ ၂၀၂၁/ သောကြာနေ့။
ဧဝံဂေလိကျမ်း/(ရှင်လုကာ ၁၉:၄၅-၄၈)
Sr. Christopha (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း
Posted by Sr. Eugenie (SFX)
ဒီနေ့ပေးထားတဲ့ နှုတ်ကပတ်တော်မှာ ဘုရားရှင်ရဲ့သန့်ရှင်းသောအိမ်တော်(ဘုရားကျောင်း)ကို ဆိုးညစ် စေတဲ့အကြောင်း ဖော်ပြထားတယ်။
ဟေရှာယ ၅၆:၇ မှာ “ငါ၏သန့်ရှင်းသောပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ မီးရှို့ရာယဇ်အမျိုးမျိုးတို့ကို ငါ၏ ပလ္လင်ပေါ်မှာလက်ခံမည်။ ထိုငါ့အိမ်တော်ကို လူအမျိုးအမျိုးတို့ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့” လို့ ဆိုထားသလို၊ ယေရမိယ ၇:၁၁ မှာ “ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်ကို သင်တို့သည်ဓါးပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှုကိုငါကိုယ်တိုင်မြင်ပြီ” လို့ကြိုတင်ဟောပြောချက်များအရ ဖြစ်ပျက်နေတာကို ခရစ်တော်ကိုယ်တိုင် မြင်တွေ့တဲ့အခါ ဝမ်းနည်းစိတ်ဆိုးလျက် ဗိမာန်တော်ထဲမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ သူတွေကို ရိုက်နှက်နှင်ထုတ်တော်မူခဲ့တယ်။ ကိုယ်တော်ဟာ ဗိမာန်တော်ကို စင်ကြယ်အောင်ပြုလုပ်ပြီးတော့ နေ့စဉ်ဗိမာန်တော်ထဲမှာ ဆုံးမဩဝါဒနဲ့ ကယ်တင်ခြင်းတရားဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
ခရစ်တော်ဘုရားရှင်ရဲ့အလိုတော်ဖော်ပြချက်အရ ဗိမာန်တော် (ဘုရားကျောင်း)ကို သန့်စင်စွာထားရှိပြီး ထို ဗိမာန်တော်မှာ လာရောက်ပူဇော်၊ဆုတောင်းခြင်း၊ ကယ်တင်ခြင်းတရားတော်နာယူခြင်းတွေအားဖြင့် ဘုရား သခင်ကို ကိုးကွယ်၊ ဆက်သွယ်ကြဖို့ဖြစ်ပါတယ်။
Sr. Christopher (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း