#နိုဝင်ဘာ (၂၂)ရက်၊ ၂၀၂၁/ တနင်္လာနေ့။
ဧဝံဂေလိကျမ်း/(ရှင်လုကာ ၂၁:၁-၄)
Sr. Christopha (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း
Posted by Sr. Eugenie (SFX)
ဒီနေ့ပေးထားတဲ့ကျမ်းချက်ကတော့ ဆင်းရဲသောမုဆိုးမရဲ့အလှူငွေ အကြောင်းဖြစ်ပါတယ်။
ခရစ်တော်ဟာ ဗိမာန်တော်ထဲမှာထိုင်ပြီး တရားဟောနေစဉ် လူတွေအလှူငွေသေတ္တာထဲကို ထည့်နေကြတဲ့ သူဌေးသူကြွယ်တွေရဲ့ အလှူငွေနဲ့ဆင်းရဲတဲ့ မုဆိုးမထည့်တဲ့အလှူဒါန မတူညီတာကို ကိုယ်တော်ရှင် သတိထားမိခဲ့တယ်။ ဆင်းရဲတဲ့မုဆိုးမရဲ့ အလှူဟာနည်းလှပေမယ့် သူ့မှာရှိတာလေးကို ကြီးမားတဲ့ရက်ရောမှုနဲ့ ဆက်ကပ်တဲ့အလှူ ဖြစ်တယ်လို့ ခရစ်တော်က မှတ်ချက်ချပါတယ်။ ချမ်းသာသူတွေက သူတို့ရဲ့မြားပြားတဲ့ပိုင်ဆိုင်မှုတွေထဲကနေ ဂုဏ်ပြိုင်၊ ဝါကြွားချင်တဲ့စိတ်နဲ့ အလှူများများ ထည့်ကြတယ်လို့ သတိပေးပါတယ်။
မုဆိုးမနဲ့သူဌေးသူကြွယ်တို့ရဲ့ မတူညီကွာခြားချက်က ကြွယ်ဝခြင်းနဲ့ဆင်းရဲခြင်း၊ ထောင်လွှားခြင်းနဲ့နှိမ့်ချခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချခြင်းနဲ့ ဘုရားရှင်ကိုယုံကြည်စိတ်ချခြင်း၊ လူမျက်နှာထောက်ပြီးလှူဒါန်းခြင်းနဲ့ ဘုရားမျက်နှာကိုကြည့်ပြီးလှူဒါန်းခြင်းတို့မှာ ကြီးမားတဲ့ကွာခြားချက် ရှိနေပါတယ်။
ခရစ်တော်က လှူလိုက်တဲ့ပမာဏအပေါ်မှာ မဆုံးဖြတ်ဘူး၊ စေတနာနဲ့ရက်ရောမှုအပေါ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် ခရစ်တော်က မုဆိုးမရဲ့အလှူကို စံနမူနာဖြစ်စေဖို့ ပြသသွန်သင်ပေးနေခြင်းပဲဖြစ်ပါတယ်။
စဉ်းစားဆင်ခြင်ရန်-
မိမိတို့ရဲ့လှူဒါန်းမှုတွေမှာ ဘယ်လိုစိတ်ထားနဲ့ လှူဒါန်းပေးကမ်းခဲ့ပါလဲ။
Sr. Christopher (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း