#နိုဝင်ဘာ (၂၄)ရက်၊ ၂၀၂၁/ ဗုဒ္ဓဟူးနေ့။
ဧဝံဂေလိကျမ်း/ ((ရှင်လုကာ ၂၁:၁၂-၁၉)
Sr. Christopha (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း
Posted by Sr. Eugenie (SFX)
ဒီနေ့ကျမ်းချက်ထဲမှာ ခရစ်တော်ဟာ နောက်ဆုံးသော အချိန်ကာလအကြောင်း ဆက်လက်ဟောပြော ထားပါတယ်။
နောက်ဆုံးကမ္ဘာကုန်တဲ့အချိန်မရောက်မီ တပည့်တော်ကြီးများဟာ များစွာသော အခက်အခဲတွေနဲ့ ရင်ဆိုင်ကြ ရလိမ့်မယ်။ သူတို့ရဲ့ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေများအားဖြင့် အပ်နှံခြင်းခံရလိမ့်မယ်။ တချို့ ဆိုရင် အသတ်ခံရလိမ့်မယ်ဆိုတာ ကြိုတင်ဟောပြောထားခဲ့ပါတယ်။
ဒါပေမယ့် ဒီအချိန်တွေဟာ တပည့်တော်များအတွက် ခရစ်တော်ရဲ့နောက်လိုက်အဖြစ် သူတို့ရဲ့ယုံကြည်ခြင်းကို သက်သေခံဖို့အခွင့်အရေးဖြစ်လိမ့်မယ်။ ခရစ်တော်ကိုယ်တော်တိုင် ဝိဉာဉ်တော်အားဖြင့် သူတို့နဲ့အတူရှိပြီး ဉာဏ်ပညာအလင်းပေးလို့ ရန်သူများပြန်လှန်မဖြေကြားနိုင်တဲ့နှုတ်အစွမ်းမျိုးနဲ့ကူညီမယ်လို့ ကတိတော်ထား ရှိပါတယ်။
စုံစမ်းနှောင့်ယှက်ခြင်း၊ အခက်အခဲပြဿနာအမျိုးမျိုးနဲ့ကြုံတွေ့ရတဲ့ အချိန်အခါတွေမှာ စိတ်ပျက်အားလျော့ခြင်း မရှိဘဲ၊ ဘုရားအားညည်းညူအပြစ်တင်ခြင်းမပြုဘဲ ကယ်တင်ရှင်ခရစ်တော်ဟာ တို့နဲ့အတူရှိနေပါတယ်၊ ကြုံရတဲ့စုံစမ်းခြင်းဒုက္ခတွေဟာ ဘုရားကိုသက်သေခံဖို့ အခွင့်အရေးလည်းဖြစ်တယ်ဆိုတာကို လုံးဝမမေ့ဘဲ ကိုယ်တော်ရှင်ကို ယုံကြည်အားကိုးကြဖို့လိုအပ်ပါတယ်။
စဉ်းစားဆင်ခြင်ရန်-
ဒုက္ခအခက်အခဲများကို ခရစ်တော်နဲ့ပေါင်းစပ်ပြီး ခရစ်တော်ပေးတဲ့ခွန်အားနဲ့ ဆက်ကပ်ခံထမ်းပါရဲ့လား။
အဆင်မပြေမှုတွေကြုံတွေ့ရတဲ့အခါ ညည်းညူပြီး ဘုရားကိုအပြစ်တင်မိပါသလား။
Sr. Christopher (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း