ဒီနေ့ကျမ်းစာကို ခြုံငုံကြည့်လိုက်ရင် ဘုရားရှင်ထံရောက်ဖို့ ခြိုးခြံဆုတောင်းလျက် စောင့်မျှော် နေကြရမယ့်အကြောင်း ခရစ်တော်ရဲ့ သတိပေး နှိုးဆော်ထားတဲ့တရား ဖြစ်ပါတယ်။ ရှင်ပေါလုရဲ့ အချိန်မှာ ရောမလူမျိုးတွေဟာ အကျင့်ပျက်ပြားပြီး လောကရဲ့ အပျော်အပါး ဆွဲဆောင်မှုနောက် ပါသွားကြတယ်။ တစ်သက်လုံး မသေတော့မယ့် ပုံစံနဲ့ မူးယစ် သောက်စား၊ အပျော်ကြူးပြီး လာမယ့် အနာဂတ်မှာ ခရစ်တော်နဲ့ ရင်ဆိုင်ရမယ့် အချိန်ကာလအတွက် လက်ရှိပစ္စုပ္ပန်မှာ ခြိုးခြံချုပ်တီး၊ ဆက်ကပ်ပူဇော်၊ ဆုတောင်းခြင်းနဲ့ ကိုယ့်ကိုယ်ကို အမြဲပြင်ဆင်ပြီး ရှင်သန်ကြရမှာကိုလည်း မေ့နေပုံရတယ်။ ဒါကြောင့် ရှင်ပေါလုက အားမလို အားမရဖြစ်ပြီး ပြင်းပြင်းထန်ထန် ဆုံးမဟောကြားလေ့ ရှိခဲ့တာပါ။ ရှင်လုကာ (၂၁း ၃၆)မှာလည်း ဆုတောင်းမေတ္တာ အရေးကြီးကြောင်း “ထို့ကြောင့် သင်တို့သည် ဖြစ်လတ္တံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်သည်ဟု မှတ်တော်မူမည့်အကြောင်း အစဉ်ဆုတောင်းလျက် စောင့်နေကြလော့”လို့ ခရစ်တော်ကိုယ်တိုင် သတိပေး မိန့်တော်မူထားပါတယ်။ နောက်ဆုံးအချိန်မှာ ကြွလာမယ့် ခရစ်တော်နဲ့ တွေ့ဆုံရမယ့်အကြောင်းကို နေ့စဉ်ထောက်ရှု ဆင်ခြင်သွားကြမယ်ဆိုရင် တို့ရဲ့လက်ရှိအချိန်၊ လက်ရှိဘဝကို ခရစ်တော်ပေးတဲ့ တရားအတိုင်း လုံ့လဝီရိယနဲ့ ကြိုးစား အားထုတ်ပြီး ရှင်သန် သွားနိုင်ကြမှာ ဖြစ်ပါတယ်။
စဉ်းစားဆင်ခြင်ရန်-
ဆုတောင်းခြင်းကို နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ အရာလို့ ခံယူထားပါရဲ့လား။
ခရစ်တော်နဲ့ ရင်းနှီးစွာ ဆက်သွယ် ပြောဆိုခြင်းဟာ သင့်ကို ကျေးဇူးတော်တွေ၊ ခွန်အားတွေ တိုးပွါးစေတယ် ဆိုတာကို ယုံကြည်ပါရဲ့လား။
#Sr. Christopher (SJA)