ဒီနေ့ကျမ်းချက်ကို ခြုံငုံကြည့်လိုက်ရင် “နောက်ဆုံးသောနေ့မှာ ဘုန်းဂုဏ်တော်နဲ့ လူသား ကြွရောက်လာမယ့် အကြောင်း” ဖြစ်ပါတယ်။ ဘဝဆိုတာ အမြဲတမ်း တစ်ခုခုအတွက် မျှော်လင့်နေတယ်၊ တမ်းတနေတယ်၊ စောင့်မျှော် နေတတ်ပါတယ်။ ဒီလို မျှော်လင့်စရာ ဘာမျှ မရှိဘူးဆိုရင် ဘဝဟာ အဓိပ္ပါယ် မဲ့နေမှာပါ။ ခရစ်ယာန်တွေ အတွက်လည်း ခရစ်တော်ရဲ့ ကြွလာခြင်း မရှိခဲ့ဘူးဆိုရင် ဘာကိုမှ မျှော်လင့်စရာ မရှိတဲ့ အပြစ်နွံထဲက အပြစ်သားများ ဘဝမှာသာ ကျင်လည်ရုန်းကန် နေကြရမှာပါပဲ။ အာဒ်ဝင်တူးရဲ့ အဓိပ္ပါယ်က “လာခြင်း” ဖြစ်တယ်။ အဲဒီ “လာခြင်း”မှာ ဘယ်သူလာမှာလဲ။ ဒုတိယပုဂ္ဂိုလ် သားတော်ဘုရားဟာ လူ့ဇာတိကို ခံယူပြီး၊ လူ့လောကကို လူသားတစ်ယောက် အဖြစ်နဲ့ ကြွလာမယ်။ ဘာအတွက် လာမှာလဲ။ တို့အပြစ်သားတွေ အတွက်လာတာ၊ ခမည်းတော်ဘုရားရဲ့ လူအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာတော် ကြီးမားတာကြောင့် အပြစ်တရားကနေ ပြန်လည် ကယ်တင်ဖို့ စီမံကိန်းတော်ကို အသေခံပြီး အကောင်အထည် ဖော်ဖို့ ကြွလာတာ။ ဘယ်နှစ်ကြိမ် လာမှာလဲဆိုရင် နှစ်ကြိမ်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က လူ့အဖြစ်နဲ့ ပထမအကြိမ် ကြွလာခြင်းနဲ့ ဒုတိယ အကြိမ်ကတော့ နောက်ဆုံး ကမ္ဘာကုန်တဲ့အခါ တို့တွေရဲ့ အပြစ်တွေကို စီရင်စစ်ကြောဖို့ ပြန်လည် ကြွလာမှာ ဖြစ်တယ် စတာတွေကို ထောက်ရှု စဉ်းစားဖို့ ဖြစ်ပါတယ်။
စဉ်းစားဆင်ခြင်ရန်-
ခရစ်တော်ရဲ့ ကြွလာခြင်းအတွက် အမြဲတမ်း အဆင်သင့်ရှိဖို့ မိမိတို့ကိုယ်၊ စိတ်၊ ဝိညာဉ်ကို ပြင်ဆင် ထားကြပါစို့။ ခရစ်တော်ရဲ့ ကြွလာခြင်းအတွက် အမြဲတမ်း ကျေးဇူးတင်လျက် ရှိခိုးကိုးကွယ် ကြပါစို့။