ဒီနေ့ကျမ်းချက်ထဲမှာ ရောမတပ်မှူး တစ်ယောက်ရဲ့ ယုံကြည်ခြင်းကို ခရစ်တော်က အံ့ဩပြီး ချီးမွမ်းတဲ့ အကြောင်း ပြောထားပါတယ်။ အဲဒီတပ်မှူးဟာ ရောမစစ်တပ်ကြီးမှာ လူတစ်ရာကို အုပ်ချုပ်ရတဲ့သူ ဖြစ်တယ်။ အမိန့်ကို ကိုယ်တိုင်လိုက်နာ လေးစားသလို သူ့ရဲ့လက်အောက် ငယ်သားတွေကိုလည်း သူ့အမိန့်ကို နာခံလိုက်နာ စေတယ်။ လူတစ်ရာတပ်မှူးဟာ ခရစ်တော်ကို ပရောဖက်ကြီး တစ်ပါးအဖြစ် မြင်တယ်၊ လက်ခံတယ်။ ခရစ်တော်ဟာ ဘုရားရှင်ရဲ့ တန်ခိုးနဲ့ ရောဂါတွေကို ကုသပျောက်ကင်း စေတယ်။ ခရစ်တော်ရဲ့ နှုတ်တော်ကထွက်တဲ့ စကားဟာ အမိန့်အာဏာရှိတယ် ဆိုတာကို သူယုံတယ်။ လူတစ်ရာတပ်မှူးဟာ ခြေလက်သေတဲ့ရောဂါနဲ့ ပြင်းပြင်းထန်ထန် ဝေဒနာ ခံစားနေရတဲ့ သူ့လက်အောက် ငယ်သားအတွက် ခရစ်တော်ကို ကုသပေးဖို့ တောင်းလျှောက်ရာမှာ ခရစ်တော်က “ကောင်းပြီ၊ ငါလာကုသပေးမယ်” လို့ပြောခဲ့ပေမယ့်၊ လူတစ်ရာတပ်မှူးဟာ အလွန်နှိမ့်ချစွာ၊ ယုံကြည် စိတ်ချစွာနဲ့ပဲ “သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံထိုက်ပါ။ တစ်ခွန်းမျှသာ အမိန့်ရှိတော်မူလျှင် ကျွန်တော်၏ ငယ်သားသည် ချမ်းသာ ရပါလိမ့်မည်” (ရှင်မာတေဦး ၈း၈)လို့ ပြန်ဖြေတာကို ကြားရတဲ့ ခရစ်တော်မှာ လူတစ်ရာတပ်မှူးရဲ့ ယုံကြည်ခြင်းကို အံ့ဩချီးမွမ်း ခဲ့ပါတယ်။ လူတစ်ရာတပ်မှူးရဲ့ ပြန်လည် ဖြေကြားချက်ကိုယူပြီး ကျွန်ုပ်တို့ မစ္ဆားတရားတော်မှာ ရဟန်း ကိုယ်တော်မြတ် မြှောက်ထားစဉ် ဘာသာတူများမှ ပြန်ဖြေကြတယ်။ ယုံကြည်ခြင်း၊ နှိမ့်ချခြင်း၊ မျှော်လင့်ခြင်း အပြည့်နဲ့ ဖြေကြားကြဖို့ ဖြစ်ပါတယ်။ လူတစ်ရာတပ်မှူးကဲ့သို့ ခရစ်တော်ရဲ့ တတ်နိုင်စွမ်းအပေါ် ယုံကြည်ခြင်း၊ မိမိရဲ့ မထိုက်တန်မှုအတွက် နှိမ့်ချခြင်း၊ ခရစ်တော် လုပ်ဆောင်ပေးမှာပဲ ဆိုတဲ့အပေါ် မျှော်လင့်ခြင်း အပြည့်နဲ့ တို့တတွေရဲ့ ခရစ်ယာန် ဘဝအသက်တာကို ဆက်လက် ရှင်သန် သွားကြပါစို့။
စဉ်းစားဆင်ခြင်ရန်-
ခရစ်တော်ဘုရားဟာ တို့အတွက် အရာအားလုံး ဆောင်ရွက် ပေးနိုင်သူဆိုတာ ယုံကြည်ရဲ့လား။
ခရစ်တော်အပေါ်မှာ လူတစ်ရာတပ်မှူးရဲ့ စိတ်သဘောထားမျိုး ထားနိုင်ပါရဲ့လား။
#Sr. Christopher (SJA)