ဒီနေ့မှာ တမန်တော်ကြီး ရှင်အန္ဒြူး (St. Andrew)ရဲ့ ပွဲနေ့ကို ကျင်းပပါတယ်။ ဒီနေ့အမည် ပွဲနေ့ရှင်များ အားလုံးအတွက် သတိရ ဆုတောင်း ပေးကြပါစို့။ ပေးထားတဲ့ ကျမ်းချက်အရ ခရစ်တော်ဟာ ဂါလီလေအိုင်နားမှာ လမ်းလျှောက်နေတုန်း ငါးဖမ်းနေကြတဲ့ တံငါသည် ညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ ပေတရုနဲ့ အန္ဒြူးတို့ကို “ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသော တံငါဖြစ်စေခြင်းငှါ ငါပြုမည်” လို့ခေါ်တဲ့အခါ ချက်ခြင်း တံငါလှေနဲ့ ပိုက်ကွန်တွေ ထားခဲ့ပြီး နောက်တော်သို့ လိုက်ခဲ့ကြပါတယ်။ ဒီညီအစ်နှစ်ယောက်က မိဘ၊ မိသားစု၊ ပိုင်ဆိုင်မှုအားလုံး၊ လုပ်လက်စ လုပ်ငန်းအားလုံး၊ အားလုံးစွန့်ပြီး ခရစ်တော်နောက်ကို မဆိုင်းမတွ၊ ချက်ခြင်း ကောက်လိုက်သွား နိုင်ကြတာဟာ အံ့ဩစရာပါ။ ဒါဟာ လူ့စိတ်သဘော၊ လူ့အင်အားနဲ့ မဟုတ်ဘဲ၊ ခရစ်တော် ဘုရားကြောင့်သာ လုပ်နိုင်၊ တတ်နိုင်၊ ပြတ်သား နိုင်ခဲ့ကြတယ်ဆိုတာ ထောက်ရှု၊ သိရှိနိုင်ပါတယ်။ ဒီလောက အရာများကို လောကဧည့်သည် ဖြစ်ချိန်မှာ ပိုင်ဆိုင်ရန်၊ အသုံးပြုရန်၊ အကျိုးပြုရန်သာ ဖြစ်တယ်။ ဒါတွေအပေါ်မှာ စွဲလန်း တွယ်တာ လွန်းခြင်းကနေ ရုန်းထွက်ဖို့၊ ဆင်ခြင်ဖို့ ခရစ်တော် ဖိတ်ခေါ်တယ်၊ တောင်းဆိုတယ်။ ခရစ်တော်ဘုရားရဲ့ ဖိတ်ခေါ် တောင်းဆိုမှုတိုင်းဟာ တို့တတွေရဲ့ ထာဝရ ကယ်တင်ခြင်းအတွက် ဖြစ်တာကြောင့် လိုက်နာသင့်သော တရားများပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ရန် မိမိကိုယ်တိုင်ရဲ့ စိတ်ပါအားထုတ်မှု လိုအပ်သလို ခရစ်တော် ဘုရားရှင်ရဲ့ ပါဝင်ကူညီမှု ခွန်အား ကျေးဇူးလည်း အလွန် လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်တော်ကို လက်မလွှတ်ဘဲ ဆုပ်ကိုင်လျက် အားကိုး လျှောက်လှမ်း အသက်ရှင်သန် သွားကြခြင်းဖြင့် ခရစ်တော် ဖိတ်ခေါ်သော အသက်တာမျိုးနဲ့ နေထိုင်နိုင်ပြီး ထာဝရ အသက်ကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစို့။
စဉ်းစားဆင်ခြင်ရန်-
မိမိတို့ နေ့စဉ်ဘဝမှာ ခရစ်တော်ရဲ့ ဘယ်လို ဖိတ်ခေါ်သံမျိုး ကြားမိပါသလဲ။ လောကမှာ ရရှိပိုင်ဆိုင်မှုတွေ၊ သက်ဆိုင်သူတွေဟာ ဘုရားသခင်က ယာယီပေးထားတယ် ဆိုတာကို သတိရ ပါသလား။
အသက်တာရဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ဖို့ ခရစ်တော်ဘုရားကို ဘယ်လောက် ယုံကြည် အားထားပါသလဲ။
#Sr. Christopher (SJA)