ဒီနေ့အသက်ပေး နှုတ်ကပတ်တော်မှာ “ရောဂါဝေဒနာများ ပျောက်ကင်းစေခြင်းနဲ့ လူလေးထောင်ကို ကျွေးမွေးတော်မူခြင်း” အကြောင်း ကြားနာရပါတယ်။ သခင်ယေဇူးဟာ ဂါလေလေးယ ပင်လယ်ကမ်းခြေ တစ်လျှောက် ဖြတ်သွား တော်မူပြီးတဲ့နောက် တောင်ပေါ်သို့ တက်ပြီး တရားဒေသနာ ဟောကြား တော်မူတယ်။ အဲဒီအချိန်၊ နေရာမှာပဲ ခြေမသန်စွမ်းသူတွေ၊ ကိုယ်အင်္ဂါ ချို့တဲ့သူတွေ၊ မျက်မမြင်၊ ဆွံ့အ အစရှိတဲ့ ရောဂါသည်တွေကို ကိုယ်တော်ရှင်ထံ ခေါ်ဆောင် လာကြတယ်။ တဆက်တည်းမှာဘဲ သခင်ယေဇူးဟာ ကြီးမားတဲ့ တန်ခိုး လက္ခဏာတွေကို ထပ်ပြတယ်။ လူအုပ်ကြီး သူနဲ့အတူ ရှိနေတာ ၃ရက် ရှိသွားပြီ။ ကိုယ်စီမှာ ပါလာတဲ့ ပေါင်မုန့်လုံးတွေလည်း ကုန်နေပြီ။ ရိက္ခာပြတ်ပြီး တောင်ပေါ်ဒေသ ခေါင်တဲ့အရပ်မှာ ဒီလောက် များပြားတဲ့ လူအုပ်ကြီးကို ကျွေးမွေးဖို့ တပည့်တော်ကြီးတွေ စိုးရိမ် နေကြတယ်။ စားဖို့ဘာတွေ ရှိသေးသလဲလို့ တပည့်တော်ကြီးတွေကို မေးတဲ့အခါ လူငယ်လေး တစ်ယောက်မှာ ပေါင်မုန့် (၇)လုံးနဲ့ ငါးအနည်းငယ်သာ ရှိကြောင်း ပြန်ဖြေကြတယ်။ သခင်ယေဇူးက လူအုပ်ကြီးကို ထိုင်ခိုင်းပြီး မုန့်နဲ့ငါးကို ယူပြီး ကျေးဇူးတော်ကို ချီးမွမ်းတယ်။ လူအုပ်ကြီးကို ကျွေးမွေးပြီးတဲ့နောက် အကြွင်းအကျန် (၇)တောင်း အပြည့်ရတယ်။ ဧဝံဂေလိကျမ်းရဲ့ ပထမပိုင်းမှာ လူတွေ ကျန်းမာချင်ကြတယ်။ ဒုတိယပိုင်းမှာ တရားတော်ကို နားထောင်နေတုန်း ရိက္ခာပြတ်သွားတယ်။ အစာဆာလောင်မှုကို ခံစားနေကြရတယ်။ ငါ့ရဲ့ခန္ဓာကိုယ် ကျန်းမာရဲ့လား။ မနောလို့ခေါ်တဲ့ စိတ်ရော နေကောင်းရဲ့လား။ ငါ့ဝိညာဉ်မှာရော ဘာအနာအဆာတွေ ရှိလဲ။ စိတ်ရဲ့ အနာအဆာနဲ့ ဝိညာဉ်ရဲ့ အနာအဆာက ဆက်နွယ်နေပါတယ်။ အပြစ်ဟာ အနာရောဂါ တစ်ခုပါ။ မလုပ်သင့်တာကို လုပ်ခြင်း၊ လုပ်သင့်တာကို မလုပ်ခြင်းဟာ အပြစ် ဖြစ်ပါတယ်။ အတွေးတွေ၊ အကြံအစည်တွေ၊ ခံစားချက်တွေနဲ့ ရောယှက်နေတဲ့စိတ် (မနော)ကို ဖြူစင်အောင် လုပ်ဖို့လိုပါတယ်။ ဖန်ဆင်းခြင်း (၇)ရက်၊ ပေါင်မုန့် (၇)လုံး၊ အကြွင်းအကျန် (၇)တောင်း၊ တိုက်ဆိုင်မှုရှိတဲ့ ဂဏန်း(နံပတ်) မဟုတ်ဘူး။ သမ္မာကျမ်းစာဘက်က ပြန်ကြည့်ရင် ပြည့်စုံခြင်း အဓိပ္ပါယ် ဆောင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မပြည့်စုံတဲ့ ကိုယ်စိတ်နှလုံး သုံးပါးကို အရာအားလုံးရဲ့ ပြည့်စုံခြင်းဖြစ်တဲ့ ယေဇူးကိုယ်တော်ထံ အပ်နှံကြပါစို့။
“အိုဘုရားသခင် အကျွန်ုပ်၏ ဒုစရိုက်ကို အကုန်အစင် ဆေးကြောတော်မူပါ။ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူလာပါလိမ့်မည်။” (ဆာလံကျမ်း ၅၁)
#Sr. Maria Teresa Than Maung (MSJP II)