ဒီနေ့ ဧဝံဂေလိကျမ်းမှာ သခင်ယေဇူးက အုတ်မြစ်နှစ်မျိုး၊ အိမ်နှစ်မျိုးအကြောင်း ပုံဥပမာကို ပေးပါတယ်။ ကျောက်ပေါ်မှာ အုတ်မြစ်ချပြီး တည်ဆောက်ထားတဲ့အိမ်နဲ့ သဲကို အုတ်မြစ်အဖြစ် သုံးပြီး တည်ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ အိမ်ဆိုတာ ကျွန်ုပ်တို့ တစ်ဦးစီရဲ့ ဘဝဖြစ်ပါတယ်။ သခင်ယေဇူးရဲ့ စကားကို ကြားပြီး ကျင့်တဲ့သူဟာ ဘဝကို ကျောက်လို ခိုင်ခံ့တဲ့ အရင်းအမြစ်မှာ ဘဝကို အစပျိုးခဲ့သူ ဖြစ်ပါတယ်။ လေပြင်းထန်လည်း မယိုင်လဲပါဘူး။ အသက်ပေး နှုတ်ကပတ်တော်ကို ကြားလျှက်နဲ့ မကျင့်တဲ့သူဟာ မတည်မြဲတဲ့နေရာမှာ အစပြုနေတာ ဖြစ်ပါတယ်။ ဘဝမှာ လောကဓံတွေက အများကြီး တိုက်ခတ်နိုင်ပါတယ်။ အောင်မြင်မှု သုခနဲ့ ဆုံးရှုံးမှု ဒုက္ခ တွေ့ကြုံရတဲ့အခါ ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ အမှန်စကားတွေကို မုသားအဖြစ် ထောင်ချောက် ဆင်တဲ့အခါ ကိုယ့်ဘက်က တည်ငြိမ်စွာနဲ့ ကြားနာနိုင်မယ်ဆိုရင် အောင်မြင်မှု တစ်ခုပဲ။ အားလုံးက ကိုယ့်ကို မယုံသင်္ကာ ဖြစ်လာပါစေဦး။ သူတို့ကို နားလည်စွာနဲ့ ခွင့်လွှတ်ရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ထားလို့ရအောင် ကြိုးစားရမယ်။ ဘဝမှာ ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကိုယ်တော်ရှင်ထံမှာ ခွန်အားသတ္တိတွေ တောင်းခံရမှာ ဖြစ်ပါတယ်။
“သင်၏ဘဝ လမ်းစဉ်ကို ထာဝရဘုရားသခင်ထံ အပ်နှံလော့။ ကိုယ်တော့်အပေါ် ယုံကြည်ကိုးစားလော့။” (ဆာလံကျမ်း ၃၇)
#Sr. Maria Teresa Than Maung (MSJP II)