#ဒီဇင်ဘာလ (၃)ရက် / သောကြာနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၉း ၂၇-၃၁)
#Sr. Maria Teresa Than Maung (MSJP II)
Posted by M Sulatthtwe
ဒီနေ့ ဧဝံဂေလိကျမ်းထဲမှာ သခင်ယေဇူးဟာ မျက်မမြင်နှစ်ယောက်ကို စက္ခုအလင်း ပြန်ပေးတာ တွေ့ရပါတယ်။ ဒီမျက်မမြင် နှစ်ယောက်ဟာ လူဖြစ်ပေမဲ့ လူဖြစ်ရှုံးသူတွေပါ။ အခြားသူတစ်ယောက်ရဲ့ အကူအညီ မပါဘဲ ဘာမှလုပ်လို့ မရဘူး။ အဖြူ၊ အမည်းဆိုတာ ဘာမှန်းမသိရတဲ့ ဘဝ။ တိုးတက်တဲ့ တိုင်းပြည်တွေမှာ မျက်မမြင်တွေရဲ့ ဘဝကို မြှင့်တင်ပေးတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ အီတလီမှာ ကျွန်မရဲ့ သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိပါတယ်။ မွေးရာပါ မျက်မမြင် သူလေးပါ။ အီတလီမှာ ဘွဲ့ရပြီးတဲ့နောက် အင်္ဂလန်မှာ ဘွဲ့နောက်တစ်ဘွဲ့ကို ထပ်ယူခဲ့ပါတယ်။ ယနေ့အထိ ကျွန်မနဲ့သူနဲ့ Email အဆက်အသွယ် ရှိနေဆဲ ဖြစ်ပါတယ်။ စိတ်ကြည်နူးစရာ၊ ချီးကျူးစရာ ကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ဧဝံဂေလိကျမ်းထဲမှာပါတဲ့ မျက်မမြင် နှစ်ယောက်ဟာ လူတွေရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးနေတဲ့ တန်ခိုးနှင့် သမားတော်ကြီး အကြောင်း ကြားထား၊ သိထားတဲ့အတွက် သခင်ယေဇူး ကြားအောင် အော်ဟစ် အသနားခံကြတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းက သူတို့ကို ကယ်လိုက်ပါတယ်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီမှာ ဇီဝအားဖြင့် စက္ခုအာရုံ ကောင်းနေပေမဲ့ ဝိညာဉ်ရေးမှာ မျက်စေ့မှုန်နေသလား။ စိတ်နေစိတ်ထားကရော မျက်မမြင်လို ဖြစ်နေလား။ ဥပမာ “မုန်းနေတာဟာ ဒေါသကို မွေးနေတာပါ။ မစွန့်ကြဲနိုင်တာ လောဘကို ကြီးထွားစေတာပါ။ သံသယ ထားနေတာဟာ ပျော်ရွှင်မှုကို သတ်နေတာပါ။ မိမိတို့ဘဝမှာ မအေးချမ်းဘဲ ဖြစ်နေတာ ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်ကြောင့်ပါ။ အဆင်မပြေ ဖြစ်နေတာဟာ မကောင်းတဲ့ အတွေးကြောင့်ပါ။ စိတ်ကို ဖြူအောင်ထားနိုင်ရင် အမြဲအေးချမ်း ရပါတယ်။
“အို ငါ့ဝိညာဉ် ထာဝရဘုရားသခင်ကို ကောင်းချီးပေးလော့။ ကိုယ်တော်သည် သင်၏အပြစ် ဒုစရိုက်များကို ခွင့်လွှတ်၍ သင်၏အနာရောဂါ အားလုံးကို ပျောက်ကင်း စေတော်မူ၏” (ဆာလံကျမ်း ၁၀၃)
#Sr. Maria Teresa Than Maung (MSJP II)