ဒီနေ့ အာဒ်ဝင်တူး ကာလရဲ့ ဒုတိယ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။ သခင်ယေဇူးလေးရဲ့ မွေးဖွားခြင်းကို စောင့်မျှော်နေကြကာ ဒီနေ့ဟာ ဒုတိယ တနင်္ဂနွေနေ့ထဲ ဝင်ရောက်လာကြပါပြီ။ ဧဝံဂေလိကျမ်းထဲမှာ သံယောဟန် ဘတ္တိစတား (ဘတ္တိဇံ) အကြောင်းကို ဦးစားပေး ဖော်ပြထားပါတယ်။ သူ့ကို “တောကန္တာရ၌ ကြွေးကြော်သောအသံ” လို့ တင်စားထားပါတယ်။ လူရဲ့ ဗီဇပိုင်းဆိုင်ရာကို ကြည့်ရင် အသံထွက်လာအောင် လေပြွန်တွေထဲကနေ အသံမြည်အောင် လုပ်ရပါတယ်။ အသံဘဲထွက်ပြီး စကားလုံး မပါရင် အဲဒီအသံဟာ အဓိပ္ပါယ် မရှိဘူး။ ဥပမာ စကားမပြောတတ်သေးတဲ့ ကလေးငယ်တွေ၊ ဆွံ့အနေတဲ့ သူတွေရဲ့ နှုတ်ကနေ အသံထွက်ပါတယ်။ ဒါပေမဲ့ စကားလုံး မပါတဲ့အတွက် အဓိပ္ပါယ် ကောက်ရခက်ပါတယ်။ သံယောဟန် ဘတ္တိဇံ စကားက “တောကန္တာရ၌ ကြွေးကြော်သောအသံ” လို့ဆိုတယ်။ ဒါဆို အသံရှိပြီး စကားလုံးက ဘယ်သူဖြစ်မလဲ။ ဘုရားသခင်ရဲ့ စကားနှုတ်ကပတ်တော်က သခင်ယေဇူး ဖြစ်ပါတယ်။ နှုတ်ကပတ်တော်သည် လူ့အဖြစ်ကို ယူတော်မူ၍ ကျွန်ုပ်တို့၏ အလယ်တွင် ရှိတော်မူ၏။ ဘတ္တိဇံက သခင်ယေဇူးရဲ့ ကြွလာတော်မူခြင်းကို ကြိုတင်ပြင်ဆင်နေတဲ့ သူဖြစ်ပါတယ်။ ကိုယ်တော်ရှင် ကြွလာမယ့်လမ်းကို ပြင်ကြစို့။ ကောက်ကျစ် စဉ်းလဲတတ်တဲ့ လူ့စိတ်ကို ဖြောင့်ကြစို့။ ချိုင့်ဝှမ်းနဲ့ တူတဲ့ အားငယ်စိတ်တွေကို ဖြည့်ကြစို့။ အတ္တ၊ မာန၊ ပကာသနနဲ့ တူတဲ့ တောင်တွေကို ဖြိုကြစို့။ ကြမ်းတမ်းတဲ့ စိတ်တွေ၊ အမုန်းတရားတွေ ရင်ထဲက ထုတ်ပစ်လိုက်ကြစို့။ အချစ်ရဲ့သခင် ကြွလာမှာ ဖြစ်ပါတယ်။
#Sr. Maria Teresa Than Maung (MSJP II)