ဒီနေ့ သခင်ယေဇူးဟာ ခြေလက်သေနေတဲ့သူကို ပျောက်ကင်း စေပါတယ်။ သခင်ယေဇူး တရားဒေသနာ ဟောပြောနေတဲ့ နေရာကို ဂါလေလေးယနဲ့ ဂျူးဒေးယပြည်ရှိ ရွာအသီးသီးနဲ့ ဂျေရုစလင်မြို့မှာရှိတဲ့ ဖာရီဇေဦးတွေလည်း ရောက်လာပါတယ်။ လေဖြတ်နေတဲ့ လူတစ်ယောက်ကို သခင်ယေဇူးဆီ ထမ်းခေါ်လာကြတယ်။ ဒါပေမယ့် လူအုပ်ကြီးကြောင့် သခင်ယေဇူးအနား မချည်းကပ်နိုင်ကြလို့ သခင်ယေဇူး ထိုင်နေတဲ့နေရာကို ခေါင်မိုးဖောက်ပြီး လူမမာကို အိပ်ရာနှင့်တကွ လျောချလာကြတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကို မြင်လိုက်ရတဲ့အခါ သခင်ယေဇူးက “အချင်းလူ သင်၏အပြစ်များ ခွင့်လွှတ်ခြင်း ခံရပြီ”လို့ မိန့်တော်မူတယ်။ သခင်ယေဇူးရဲ့ စကားတွေက ဆန်းတော့ဆန်းတယ်။ သင်၏ယုံကြည်ခြင်းက သင့်ကို ကယ်တင်ပြီ။ အိမ်ပြန်လော့လို့ မပြောဘူး။ ဒါကို အကွက်ချောင်းနေတဲ့ ဖာရီဇေးဦးတွေနဲ့ ကျမ်းတတ်ဆရာတွေက ဘုရားမှတပါး မည်သူမျှ အပြစ်ခွင့်လွှတ်ခြင်း မပေးနိုင်ဘူးဆိုပြီး စိတ်ထဲက သခင်ယေဇူးကို ဖိုက်(fight) နေကြပြီ။ အဲဒီအချိန်မှာ ရှိနေတဲ့ စိတ်နေစိတ်ထား (attitude) ကိုဘဲ ထောက်ရှုကြရအောင်။ အကြောင်းပြချက် မရှိဘဲ မုန်းနေတတ်တာ မနာလိုခြင်းကြောင့် ဖြစ်တယ်။ အကြောင်းပြချက် မလိုဘဲ သည်းခံနိုင်တာ မေတ္တာတရားကြောင့် ဖြစ်တယ်။ အကြောင်းပြချက် မလိုဘဲ စောင့်ထိန်းခြင်းဟာ သူတော်ကောင်း စိတ်ဓာတ်ကြောင့် ဖြစ်တယ်။ အကြောင်းပြချက် မလိုဘဲ စိတ်ချမ်းသာနေတာဟာ အကောင်းမြင်တတ်လို့ ဖြစ်တယ်။ အကြောင်းပြချက် မရှိဘဲ သံသယများတာဟာ ကိုယ်တိုင် စိတ်မလုံလို့ ဖြစ်တယ်။ ကျွန်ုပ်တို့ တစ်ဦးစီရဲ့ ရင်ထဲမှာရော ဘာတွေရှိလဲ။ ကျွန်ုပ်တို့ရဲ့ စိတ်ထားနဲ့ အငယ်ဆုံး၊ အလိုအပ်ဆုံး၊ အနှိမ့်ကျဆုံး လူတွေကို ဘယ်လို ဆက်ဆံလဲ။ အငယ်ဆုံးသောသူကို ပြုစုရင် သခင်ယေဇူးလေးကို ပြုစုတာနဲ့ အတူတူ ဖြစ်ပါတယ်။
“အကျွန်ုပ်ကို အကြောင်းမဲ့ မုန်းတီးကြသော သူတို့သည် အကျွန်ုပ်၏ ဦးခေါင်းရှိ ဆံပင်အရေအတွက်ထက်ပို၍ များပြားကြပါ၏။”
#Sr. Maria Teresa Than Maung (MSJP II)