ဒီနေ့မှာ ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းက ပျောက်သောသိုး အကြောင်း ဖော်ပြထားပါတယ်။ သိုးအကောင် တစ်ရာမှာ တစ်ကောင် ပျောက်သွားတဲ့အတွက် ကိုးဆယ့်ကိုးကောင်ကို ထားခဲ့ပြီး ပျောက်တဲ့သိုးကို ရှာပုံတော်ထွက်တဲ့ သိုးပိုင်ရှင်ရဲ့ မေတ္တာတရားကို တွေ့နိုင်ပါတယ်။ သိုးပိုင်ရှင်ဟာ ပျောက်တဲ့သိုးကို အခြားတစ်ယောက်ကို မရှာခိုင်းဘဲ သူကိုယ်တိုင် ရှာထွက်ခဲ့ပါတယ်။ ကျမ်းစာထဲမှာ သိုးလေးဟာ လမ်းလွှဲပြီး ပျောက်သွားတယ်လို့ ဆိုထားပါတယ်။ သားရဲတိရစ္ဆာန်တွေ အကိုက်ခံရတယ်လို့ မပြောထားဘူး။ အကောင်တစ်ရာရှိတဲ့ သိုးအုပ်ကို မျက်ခြေဖြတ်သွားဖို့ဆိုတာ တော်တော်တန်တန် ဖြစ်ခဲပါတယ်။ လမ်းလွှဲသွားတဲ့ သိုးလေးရဲ့ ရင်ထဲဝင်ကြည့်ရအောင်။ ဘဝမှာ တစ်ခါတစ်ရံ သူများတွေကို ရင်မဆိုင်ချင်ဘူး။ သိမ်ငယ်မိတယ်။ အားငယ်မိတယ်။ သူများတွေက တော်လိုက်၊ တတ်လိုက်ကြတာ။ ငါ့မှာဆန်ကာ တင်လောက်တဲ့ အရည်အချင်း မရှိဘူး။ မချမ်းသာဘူး။ အဲဒီ “ဘူး” တွေက သူများကို မျက်ခြေပြတ်အောင် တွန်းပို့ပေးလိုက်တာပဲ။ တစ်ခါတစ်လေ ကျပြန်တော့ ကိုယ့်ရဲ့ အတ္တစိတ်၊ မာနစိတ်တွေကြောင့် တခြားသူကို အဆိုးပဲ မြင်ချင်တယ်။ ကြည့်မရဘူး။ ကိုယ်ကပဲပြန်ပြီး “ဘူး” တိုက်နေတယ်။ တခြား အဖော်တွေနဲ့ ခပ်ဝေးဝေးမှာဘဲ နေချင်တယ်။ ကျွန်ုပ်တို့ တစ်ဦးစီလည်း ပျောက်သော သိုးလေး ဖြစ်ဖူးလား။ ကိုယ့်ရဲ့ သိမ်ငယ်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ အတ္တမာနကြောင့်ပဲ ဖြစ်ဖြစ်၊ လမ်းလွှဲသွားတဲ့အခါ ဆက်မသွားပါနဲ့။ ရောက်တဲ့အရပ်မှာ ရပ်စောင့်နေပါ။ သိုးတွေရဲ့ ပိုင်ရှင် သိုးလေးအပေါ် ထားတဲ့အချစ်က ရင်ထဲမှာ မီးတောက်နေတယ်။ ကျန်တဲ့ ကိုးဆယ့်ကိုးကောင်ကို ထားပြီး ပျောက်တဲ့ သိုးလေးကို လိုက်ရှာနေပါတယ်။ တွေ့တဲ့အခါ သူ့ပခုံးပေါ်တင်ပြီး ပျော်ရွှင်စွာ အိမ်ပြန် လာမှာပါ။ သခင်ယေဇူးရဲ့ လူ့အဖြစ်ကို ယူခြင်းက လမ်းလွှဲနေတဲ့ လောကသားတွေကို လိုက်ရှာခြင်း မဟုတ်ပါလား။
“ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါ၌ မည်သည့်အရာမျှ လိုလေသေး ရှိမည်မဟုတ်ပါ။” (ဆာလံကျမ်း ၂၃)
#Sr. Maria Teresa Than Maung (MSJP II)