“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။” “သမုဒ္ဒရာ ဝမ်းတစ်ထွာ”အတွက် ရုန်းကန်းလှုပ်ရှားနေကြရတဲ့ ဒီလူ့ဘဝမှာ တစ်ခါတစ်ခါတော့လည်း အမောဆို့ပြီး နလန်မထူနိုင်အောင် ဖြစ်ရတဲ့အချိန်လေးတွေ ရှိတတ်ကြပါတယ်။ မည်သူမဆို မိမိဖြစ်တည်နေတဲ့ ဘဝပေးအခြေအနေအရ တစ်နည်းမဟုတ်တစ်နည်း၊ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဝန်တွေပိပြီး စိတ်မောလူမော ဖြစ်တတ်ကြရပါတယ်။ မိမိတာဝန်ယူရတဲ့ အခြေအနေအရ ကြီးကြီးငယ်ငယ် လူတိုင်းဖိအားတွေနဲ့ ကြုံတွေ့ရ တတ်ပါတယ်။ ရာထူးရာခံ ကြီးကြီးရထားလေ၊ ဖိအားများလေ ဖြစ်တတ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အရေးတွေသာမက ဘာသာရေးမှာ ဆက်ကပ်ပူဇော်နေကြရတဲ့ ရဟန်း၊ သီလရှင်၊ ဓမ္မဆရာ-ဆရာမများလည်း သူ့အခြေအနေနဲ့သူ တူသောဝန်တွေပိပြီး၊ မောပန်းနွမ်းနယ်လာတဲ့ အခိုက်အတန့်တွေ ရှိတတ်ကြပါတယ်။ လောကီလူသားတွေ သာမက လောကုတ္တရာရေးရာမှာ လှုပ်ရှားနေကြရတဲ့ လေးလံတဲ့ ဝန်ထုပ်တွေထမ်းနေကြရတဲ့ ပုဂ္ဂိုလ်ကြီးငယ် တစ်ဦးချင်းစီကို ဒီကနေ့ ခရစ်တော်ဘုရားရှင်က သူ့ရင်ခွင်မှာ လာခိုလှုံဖို့ ဖိတ်ခေါ်နေပါတယ်။ အေးမြတဲ့အရိပ်စစ်လို့ ထင်မြင်ပြီး ခိုလှုံခဲ့ကြရတဲ့အရိပ်တွေ ပူမှန်းသိလာတဲ့အခါ အရိပ်တကာ့အရိပ်ထဲမှာ စစ်မှန်တဲ့အေးမြမှုတွေပေးနေတဲ့ ခရစ်တော်ရှင်ဘုရားရဲ့ အရိပ်အောက်မှာ ခိုလှုံကြပါစို့။ တစ်နှစ်တာပတ်လုံး covid-19 နှိပ်စက်လို့ အမောစို့ခဲ့သမျှ ချမ်းသာမှုအစစ် ပေးနေတဲ့ယေဇူးသခင်ဆီ ခိုလှုံကြရအောင်။ ”ကိစ္စများမြှောင် ဤလူ့ဘောင်”မှာ နည်းမျိုးစုံ ရှာကြံခဲ့ပေမဲ့ နောက်ဆုံးတော့လည်း နူးညံ့သိမ်မွေ့နှိမ့်ချခြင်း ပါရမီအပြည့်ရှိတဲ့ ခရစ်တော်ဆီ နည်းနာခံကြရအောင်။ဝေဒနာတွေကို ကုသပေးနိုင်တဲ့အရှင်၊ ဝန်တွေကိုပေါ့စေနိုင်တဲ့ အရှင်ဆီမှာ ခိုလှုံနည်းနာခံယူရင်း တစ်ရက်တာကျေးဇူးတော် အတောင်တော်အောက်မှာဆက်လက်ရှင်သန်သွားကြပါစို့………………… မိတ်ဆွေ။
Fr.လှအောင်(ကတ)