ဒီနေ့ဟာ ကညာစင် မယ်တော်မာရီးယား အပြစ်မဲ့ သန္ဓေယူခြင်း ပွဲနေ့ကြီး ဖြစ်ပါတယ်။ သခင်ယေဇူးလေး ဖွားမြင်တော်မူမည့်အကြောင်း ကောင်းကင် တမန်တော်က ကြိုတင် သတင်းကောင်း ပါးတဲ့ပွဲ ဖြစ်ပါတယ်။ မယ်တော်ရဲ့ ယုံကြည်ခြင်း၊ မယ်တော်ရဲ့ ပါရမီတွေကို စာဖွဲ့လို့ မကုန်ပါဘူး။ အမိကက်သလစ် အသင်းတော်ရဲ့ သမိုင်းမှာ ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာ၊ ကဗျာ၊ လင်္ကာ၊ သီချင်းတွေနဲ့ ကြီးမြတ်စွာ ဂုဏ်ပြုခံရတဲ့သူဟာ နာဇရက်ရွာလေးက မယ်တော်မာရီးယား ဖြစ်ပါတယ်။ ကောင်းကင်တမန်တော်က “သင်သည် ဘုရားသခင်၏ အရေးပေးခြင်းကို ခံရလေပြီ။ ဝိညာဉ်တော်မြတ်သည် သင့်အပေါ်သို့ ဆင်းသက်လိမ့်မည်။” လို့ ပြောကြားပါတယ်။ မယ်တော်ရဲ့ ဝမ်းတော်ထဲမှာ သခင်ယေဇူးရှိတဲ့အတွက် အဖဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ဝိညာဉ်တော်ဘုရားရဲ့ ကျေးဇူးတော်က အလိုလို ရှိနေပါတယ်။ ဒီနက်နဲဘွယ်ရာကို တွေးလေ တွေးလေ တွေးလို့ မကုန်ပါဘူး။ ဒါကြောင့် မယ်တော်ကို “ဝိညာဉ်တော်ဘုရားရဲ့ ကျိန်းဝပ်ရာ ဗိမာန်တော်”လို့ တင်စားထားပါတယ်။ အကြောင်းမူကား ကိုယ်တော်သည် မိမိကျွန်မ၏ နှိမ့်ချသော အဖြစ်ကို ကြည့်ရှုတော်မူလေ၏။ နာဇရက်ရွာသူ အမိမယ်တော် မာရီးယား မမွေးဖွားမီကပင် အဘဘုရားသခင်ဟာ သူမအား သိမှတ်တော်မူခဲ့ပါတယ်။ သူ့ရဲ့သားတော် ကျိန်းဝပ်မဲ့ ဗိမာန်တော်ကို ပြင်ဆင်ခဲ့ပါတယ်။ မယ်တော်ရဲ့ နှိမ့်ချခြင်းဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေကို လက်ခံ ရရှိတဲ့လမ်း ဖြစ်ပါတယ်။ လုဒ်စ်မြို့မှ သံဘယ်နဒက်ရဲ့ ရိုးရှင်းတဲ့ဘဝ၊ နှိမ့်ချတဲ့ဘဝမှာ ဘုရားသခင်ဟာ ကြီးမားတဲ့ တန်ခိုးလက္ခဏာတွေကို ပြခဲ့ပါတယ်။
“ငါ၏ဝိညာဉ်သည် ထာဝရဘုရားသခင်ကို ချီးမွမ်း၏။ ငါ၏စိတ်နှလုံးသည်လည်း ငါ၏ကယ်တင်ရှင် ဘုရားသခင်၌ ရွှင်လန်း ဝမ်းမြောက်ခြင်း ရှိ၏။” (ရှင်လုကာ ၁း ၄၆)
#Sr. Maria Teresa Than Maung (MSJP II)