ဒီနေ့ ဧဝံဂေလိ သတင်းကောင်းမှာ သခင်ယေဇူးက သံယောဟန်ဘတ္တိဇံကို ချီးမွမ်းကြောင်း ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက်နေ့က ကျမ်းပိုဒ်မှာ သံယောဟန်ကို “တောကန္တာရ၌ ကြွေးကြော်သောအသံ” လို့ ခေါ်ဆိုထားပါတယ်။ မက်ဆီးယား ကယ်တင်ရှင် ကြွလာမယ့်လမ်းကို ကြိုတင် ပြင်ဆင်တဲ့သူ ဖြစ်ပါတယ်။ သခင်ယေဇူးက သံယောဟန်ကို ချီးမွမ်းခြင်းကို ရှင်လုကာ (၇း ၂၄ - ၃၀)မှာလည်း တွေ့ရှိနိုင်ပါတယ်။ လာမယ့် ဒီဇင်ဘာ (၁၆)ရက်နေ့မှာ ကြားနာရမယ့် ကျမ်းပိုဒ် ဖြစ်ပါတယ်။ “မိန်းမတို့မှ ဖွားမြင်သော သူတို့တွင် ယောဟန်ဘတ္တိဇံထက် ကြီးမြတ်သောသူ မပေါ်ထွန်းသေး။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။ သခင်ယေဇူးရဲ့ ချီးမွမ်းခြင်းက ပဟေဠိ ဆန်ပါတယ်။ ယောဟန်ကို သားတွေထဲမှာ အကြီးမြတ်ဆုံးလည်း ပြောတယ်။ သူ့ထက် ကြီးမြတ်သောသူ ရှိသေးတယ်လို့ ဆိုပြန်ရော။ အငယ်ဆုံးသောသူတဲ့။ အဲဒီ အငယ်ဆုံးက ဘယ်သူလဲ။ ရှင်မာတေဦး (၂၅း ၃၀ - ၄၆) မှာ အစာဆာလောင်တဲ့သူတွေ၊ ရေငတ်တဲ့သူတွေ၊ အဝတ်ချည်းစီး ရှိတဲ့သူတွေ၊ ထောင်ထဲမှာ အကျဉ်းချ ခံထားရတဲ့ သူတွေဟာ အသိမ်ငယ်ဆုံးလို့ သခင်ယေဇူး ပြောထားတယ်။ ဘဝမှာ သိမ်ငယ်တဲ့သူ ဖြစ်ပါတယ်။ ဒါဆို အငယ်ဆုံးက ဘယ်သူ ဖြစ်မလဲ။ သခင်ယေဇူး ကိုယ်တိုင် ဖြစ်ပါတယ်။ ကောင်းကင် စည်းစိမ် ချမ်းသာကို စွန့်ပြီး လူ့အဖြစ်ကို ယူတော်မူသော အရှင်၊ အစေခံတို့ရဲ့ အစေခံ၊ အပြစ်ရှိသူတွေရဲ့ မိတ်ဆွေ၊ အသိမ်ငယ်ဆုံးသော ဘဝကို ရရှိထားသော သူတွေရဲ့ မိတ်ဆွေကောင်း၊ အငယ်ဆုံးသောသူ ဖြစ်ပါတယ်။ သံယောဟန် ကိုယ်တိုင် ငါ့နောက်မှ ကြွလာတဲ့သူရဲ့ ခြေနင်းကြိုးကို ဖြေရန် ငါမထိုက်တန်လို့ ပြောထားပါတယ်။ သခင်ယေဇူးရဲ့ တရားစကားသံကို ကြားနာရတဲ့ ကျွန်ုပ်တို့တွေ အသိမ်ငယ်ဆုံးသော သူတွေရဲ့မိတ်ဆွေ၊ သူငယ်ချင်းဖြစ်ဖို့ ကြောက်ရွံ့နေသလား။ ကိုယ်တော်ရှင် လောကထဲကို ကြွလာတဲ့ အကြောင်းရင်းက ဒီအကြောင်းရင်းကြောင့်သာ မဟုတ်ပါလား။
“အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာဝရ တည်တော်မူသောကြောင့် ဖြစ်၏။” (ဆာလံကျမ်း ၁၃၅)
#Sr. Maria Teresa Than Maung (MSJP II)