ဒီနေ့ ဖတ်ရှုကြရတဲ့ အသက်ပေးတဲ့ နှုတ်ကပတ်တော်က မနေ့က ကြားနာခဲ့ကြရတဲ့ ကျမ်းပိုဒ်ရဲ့အဆက် ဖြစ်ပါတယ်။ သခင်ယေဇူးက သံယောဟန် ဘတ္တိဇံကို ချီးမွမ်းပြီးတဲ့နောက် ကောင်းကင်နိုင်ငံတော်ဟာ အကြမ်းဖက် တိုက်ခိုက်ခြင်း ခံရကြောင်း ပြောပါတယ်။ သံယောဟန်၏ ခေါင်းဖြတ်သတ်ခြင်း ခံရမည့်အကြောင်း သွယ်ဝိုက်သော နည်းအားဖြင့် ကြိုတင်ဟောထားတယ်လို့ ပြောလို့ရပါတယ်။ ပရောဖက်ကျမ်း၊ တရားကျမ်းတွေကို မလိုက်နာ၊ လက်မခံကြတဲ့အတွက် သူတို့လုပ်ချင်ရာ လုပ်နေကြတဲ့ လူမျိုးဆက်ကို နားကောက် ပေတေတဲ့ ကလေးသူငယ်တွေနဲ့ ခိုင်းနှိုင်းထားပါတယ်။ သူငယ်တွေကို အင်မတန် ချစ်တဲ့ သခင်ယေဇူးက ဒီနေရာမှာ ကလေးသူငယ်တွေကို နှိမ်ပြောတာ မဟုတ်ဘဲ ကလေးတွေလောက်တောင် မစဉ်းစားတတ်၊ မဆုံးဖြတ်တတ်တဲ့ လူကြီးတွေရဲ့ စိတ်နှလုံး တင်းမာမှုကို ရည်ညွန်းပြောဆိုပါတယ်။ သံယောဟန်က အစာရှောင်၊ ဝါရှောင်လို့ နတ်ဆိုးစီးတယ်လို့ စွပ်စွဲကြတယ်။ သခင်ယေဇူးကျတော့ အစားအသောက် ကျူးတဲ့သူ၊ အခွန်ခံသူတွေနဲ့ အပြစ်ရှိသူတို့ရဲ့ မိတ်ဆွေဆိုပြီး ကဲ့ရဲ့ ရှုတ်ချပြန်တယ်။ အဲဒီလို အမြဲ အပြစ်ကောက်တဲ့ သူတွေရဲ့ အလိုကို နတ်တောင် လိုက်နိုင်မှာ မဟုတ်ဘူး။ နေပူရင်လည်း နေပူလိုက်တာ၊ မိုးရွာရင်လည်း မိုးရွာလိုက်တာ၊ အေးရင်လည်း အေးလိုက်တာ၊ အိုက်ရင်လည်း အိုက်လိုက်တာ ဆိုပြီး အမြဲမကောင်းမြင်၊ မကောင်း ခံစားတတ်တဲ့သူတွေ၊ လေပြေလေညှင်းလေး တိုက်တာတောင် သူတို့သိလိုက်မှာ မဟုတ်ဘူး။ ကျမ်းစာထဲက ကလေးတွေက မိမိတို့၏ ကစားဖော်များကို “ငါတို့သည် သင်တို့အတွက် တီးမှုတ်ကြသော်လည်း သင်တို့သည် မကခုန်ကြ။ ငါတို့ ငိုချင်းချသော်လည်း သင်တို့ မငိုကြ။” ကျွန်ုပ်တို့ရော သူများကို အမြဲအပြစ်မြင်တတ်သလား။ မနာလိုစိတ်နဲ့ ကဲ့ရဲ့တတ်သလား။ ကိုယ်လုပ်တာ အမြဲမှန်တယ်ဆိုပြီး အတင်းဇွတ်ငြင်းသလား။
“အမှန်စင်စစ် ကိုယ်တော်သည် အတွင်းစိတ်၌ ရိုးသားဖြောင့်မတ်ခြင်းကို လိုလားတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ အတွင်းစိတ်နှလုံး၌ ဉာဏ်ပညာတော်ကို သွန်သင်ပေးတော်မူပါ။” (ဆာလံကျမ်း ၅၁)
#Sr. Maria Teresa Than Maung (MSJP II)