ဤယနေ့ ထောက်ရှုဖို့ အမိအသင်းတော်က သတ်မှတ်ပေးထားတဲ့ ကျမ်းချက်မှာ ပရောဖက် (၂)ဦးအကြောင်း ရည်ညွန်း ပြောဆိုထားပါတယ်။ ပရောဖက် ဧလိယနှင့် ယောဟန်ဘတ္တိဇံတို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့ ဘဝဖြစ်စဉ်ကို ကြည့်လျှင် “ကြိုတင်ပြင်ဆင်ခြင်း” ဆိုတဲ့ တူညီတဲ့အရာကို တွေ့ရမှာ ဖြစ်တယ်။ ပရောဖက်ဟူသည် အနာဂတ်တွင် ဖြစ်လာမည့် အကြောင်းအရာများနှင့် ဘုရား၏ လူမျိုးတော်များအား လမ်းလွှဲမသွားရန် တရားပြ၊ တရားချပေးရသော ပုဂ္ဂိုလ်များပဲ ဖြစ်ပါတယ်။ “ကြိုတင်ပြင်ဆင်ခြင်း” နှင့် ပတ်သက်ပြီး သဘာဝတရားကို ကြည့်မယ်ဆိုရင် ဥပမာ- ဟိုးအရင်က လယ်သမားတွေဟာ အနောက်တောင်ဘက်ကနေ လေတိုက်ပြီဆိုရင် မိုးရာသီ ရောက်တော့မယ်လို့ ခန့်မှန်း၍ ထွန်ယက် စိုက်ပျိုး ကြလေ့ရှိတယ်။ ထိုနည်းတူ သခင်ခရစ်တော်၏ ကယ်တင်ခြင်း လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင် လမ်းရှင်းပေးရသော ပရောဖက်များ ရှိနေရခြင်း ဖြစ်သည်။ ပရောဖက် ဧလိယသည် ၎င်း၏လောက အသက်တာ၌ တန်ခိုးများစွာ ပြသပြီး အကူအညီ လိုအပ်နေသူများကို ကူညီပေးခဲ့တယ်။ သူသည် တရားပြရာ၌ ပြတ်သား၍ စိတ်အားထက်သန်ပြီး အမှန်တရားအတွက် အသက်ကိုပင် စတေးဝံ့သူ ဖြစ်ပါတယ်။ “ဧလိယသည် ကြွလာခဲ့ပြီး သို့သော် အဘယ်သူမျှ သူ့အား အသိအမှတ်မပြု” ဟူသော သခင်ခရစ်တော်၏ မိန့်တော်မူချက်သည် ဆေးကြောခြင်းပေးသည့် ယောဟန်ဘတ္တိဇံကို ဆိုလိုခြင်း ဖြစ်ပါတယ်။ သူသည်လည်း ပရောဖက် ဧလိယကဲ့သို့ပဲ အမှန်တရားကို အသက်နှင့် ကာကွယ်ခဲ့သည်။ လောကလူသားတို့၏ သဘာဝအရ ဂုဏ်သရေရှိ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိတဲ့အခါ သန့်ရှင်းသပ်ရပ်တဲ့ အဝတ်အစားကောင်းများကို သေချာလှပစွာ ဝတ်ဆင်ပြီး တွေ့ဆုံခြင်းအမှုကို ပြုသလို ကမ္ဘာလောက အရာအားလုံးထက် ကြီးမြင့်မြတ်လှတဲ့ “ဘုရားသခင်”ကို ဖူးမြော်နိုင်ရန် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးကို သန့်ရှင်းစင်ကြယ်အောင် ပြင်ဆင်ထားပြီး ပရောဖက်များရဲ့ ဟောထားချက်များနှင့် သခင်ခရစ်တော်၏ ကယ်တင်ခြင်း အလင်းတော်ကို မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်၌ ထွန်းလင်းစေ၍ မွေးဖွားလာမည့် သူငယ်တော် ယေဇူးလေးကို ထိုက်တန်စွာ ကြိုဆိုနိုင်ဖို့ ပြင်ဆင်ကြပါစို့။
“ကိုယ်တော်၏ နှုတ်တော်ထွက် စကားသည် အကျွန်ုပ်၏ ခြေတို့အတွက် မီးခွက်ဖြစ်၍ အကျွန်ုပ် သွားရာလမ်းကို အလင်းပေးပါ၏။” (ဆာလံကျမ်း ၁၁၉)
#Sr. Maria Teresa Than Maung (MSJP II)