ဒီနေ့ အသက်ပေး နှုတ်ကပတ်တော်မှာ သံယောဟန် ဘတ္တိဇံက သခင်ယေဇူးထံ တပည့်တွေ စေလွှတ်ပြီး မေးခိုင်းတာ တွေ့ရပါတယ်။ ကိုယ်တော်ဟာ ကြွလာမယ့်သူ ဖြစ်ပါသလား။ အာဒ်ဝင်တူးကာလသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသော အထူးသဖြင့် ကျွန်ုပ်တို့ ကက်သလစ် ဘာသာဝင်များအတွက် ဘုရားရှင်၏ ကြွလာခြင်း၊ ဘုရားရှင်၏ မွေးဖွားခြင်းကို ထိုက်တန်စွာ ကြိုဆိုလက်ခံနိုင်ရန် ကြိုတင် ပြင်ဆင်ကြရသော အချိန်အခါ သမယဖြစ်သည်။ ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် သာမက ကမ္ဘာသူ/သား အားလုံးတို့၏ ကယ်တင်ခြင်း ခံရစေရန် ကြွလာခြင်းဖြစ်သည်။ ယေဇူးခရစ်တော်သည် ကြီးမားသော ချစ်ခြင်းဖြင့် လူ့အဖြစ်ကို ယူတော်မူခြင်းသည် ဘုရားဇာတိမှ လူ့ဇာတိကို ခံယူ၍ နှိမ့်ချသော အသက်တာလမ်းကို ပြသကာ လူသားများ မွေးဖွားရာ နေအိမ်၌ပင် မွေးဖွားခြင်းကို မခံယူဘဲ တင်းကုပ်ငယ်ရှိ နွားစားခွက်တွင် မွေးဖွားခြင်းကို ခံယူခဲ့သည်။ ဘုရား၏ အလိုတော်သည်ကား ကျွန်ုပ်တို့ လူသားများ ပျက်စီးခြင်းသို့ မရောက်စေရန် ဒုက္ခအခက်အခဲများမှ လွတ်မြောက်စေရန် ငြိမ်းချမ်းသော အသက်တာဖြင့် ကောင်းကင်ချမ်းသာ ဝင်စားနိုင်ရန် ဖြစ်သည်။ ဤယနေ့ ဖတ်ရှုရသော ဧဝံဂေလိ နှုတ်ကပတ်တော်တွင် ကိုယ်တော်သည် မျက်မမြင်တို့အား ပြန်မြင်စေခြင်း၊ နတ်ဆိုးပူး သူတို့အား နှင်ထုတ်ပေးခြင်း၊ အနာကြီးရောဂါ ခံစားရသူတို့ကို ပျောက်ကင်း စင်ကြယ်စေခြင်း၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ဟောပြော ကြေငြာခြင်းစသော လူတို့၏ ကောင်းကျိုးအတွက် ပြုလုပ်ပေးခဲ့သည်။ လူသားတို့၏ ဘဝဒုက္ခများကို မျှဝေခံစားခြင်းဖြင့် ကယ်တင်ခဲ့သည်။ နောင်ဘဝ ထာဝရအသက် ရရန်လည်း နည်းလမ်းများကို ကိုယ်တော်သည် သွန်သင်လမ်းညွှန် ပြသခဲ့သည်။ ယောဟန်သည် မိမိ၏တပည့်များကို စုံစမ်း မေးမြန်းစေရာတွင် တိကျသေချာသော အဖြေတစ်ခုကို သိလို၍ ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာတွင်လည်း သေချာတိကျသော ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ကျွန်ုပ်စောင့်မျှော်နေသော ကယ်တင်ရှင် မက်ဆီးယား ဖြစ်သည်ကို ယုံမှားသံသယ မရှိဘဲ ယုံကြည်၍ ထိုအရှင်ကို ထိုက်တန်စွာ လက်ခံကြိုဆိုနိုင်ရန် ကိုယ်စိတ်နှလုံး သုံးပါးကို ကြိုးစား ပြင်ဆင်ကြပါစို့။
“သူတို့သည် ထာဝရဘုရားသခင်၏ ရှေ့တော်တွင် သီဆိုကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော် ကြွလာ တော်မူလေပြီ။” (ဆာလံကျမ်း ၉၆)
#Sr. Maria Teresa Than Maung (MSJP II)