ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီးမြတ်၏။ ခေတ်အဆက်ဆက် ကဏ္ဍတိုင်းမှာ အပြောင်းအလဲတွေ ရှိတတ်ပါတယ်။ အချိုးအကွေ့တစ်ခု၊ ကာလတစ်ခု၊ စပ်ကူး မတ်ကူး ကာလတွေမှာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာတတ်ကြပါတယ်။ တစ်မိပေါက်တစ်ယောက်ထွန်း တတ်ကြပါတယ်။ နိုင်ငံရေးသမားသာမက ၊ ဘာသာရေးတွေမှာလည်း လူအများ ယုံကြည်ရတဲ့ပုဂ္ဂိုလ်တွေ ပေါ်ထွန်းလာတတ်ပါတယ်။ ဒီကနေ့နှုတ်ကပါတ်တော်မှာ ကြားနာရသလို ယောဟန်ဗတ္တိဇံလည်း အဲ့လိုပုဂ္ဂိုလ်များထဲမှ ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်ပါသည်။ ခရစ်တော်ကိုယ်တိုင် ရှင်ယောဟန်ဟာ ကြီးမြတ်သောပုဂ္ဂိုလ်၊ မိန်းမကဖွားမြင်ခဲ့တဲ့ ပုဂ္ဂိုလ်ထဲမှာ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း သက်သေခံခဲ့ပါတယ်။ သူဟာအကြမ်းမဖက်တဲ့ လမ်းစဉ်ကို ဟောကြား သက်သေခံခဲ့တဲ့ ပုဂ္ဂိုလ်ထူး ဖြစ်ပါတယ်။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံး သောသူသည် သူ့ထက်သာ၍ ကြီးမြတ်၏။ ဤကျမ်းစကားအရ လောကမှာ အကြီးမြတ်ဆုံးပုဂ္ဂိုလ် တစ်ဦးတောင် ကောင်းကင်နိုင်ငံတော်ထဲက အငယ်ဆုံးသောသူကို မမှီကြောင်း ရှင်းရှင်းလေး သိခွင့်ရပါတယ်။ ဆိုလိုတာက ကောင်းကင်နှင့်မြေကြီး ကွာဟချက်ကို ဘုရားအမြင်နှင့် သိမြင်စေတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဘုရားသားသမီးတွေ ဒီလောကမှာ ခဏတာ အသက်ရှင်ခြင်းဟာ ထာဝရဆုလာဘ်ကို မျှော်မှန်းပြီး အသက်ရှင်တတ်ဖို့ သွန်သင်နေပါတယ်။ တရားမသိတဲ့သူဟာ သင်္ခါရကို အစဉ်ထာဝရလို့ ထင်မှတ်တတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ မကြာခင် ခရစ်တော်ရှင်ဘုရား ကြွလာခြင်းဟာ ထာဝရအတွက် ဖြစ်တယ်ဆိုတာကို နှလုံးသွင်းပြီး အဓိပ္ပယ်ရှိရှိ ရှင်သန်ကြပါစို့။
Fr.လှအောင်(ကတ)