ဒီနေ့ ကျမ်းချက်ဟာ မနေ့က ကျမ်းချက်ရဲ့ အဆက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဖတ်ရှုခဲ့ရတဲ့ ဧဝံဂေလိ နှုတ်ကပတ်တော်မှာ သခင်ယေဇူးဟာ ယောဟန်ဘတ္တိဇံကို ရည်ညွန်းပြီး မိမိကြွလာမည့်လမ်းကို ကြိုတင် ပြင်ဆင်ပေးမည့်သူ ဖြစ်ကြောင်းကို ဖော်ပြခဲ့သည်။ ကျွန်ုပ်တို့ လူသားများသည် အပြစ်ရင်းနှင့် မွေးဖွား လာခဲ့ကြရသည်။ ယောဟန်ဘတ္တိဇံမူကား မိန်းမမှဖွားသော သူတို့တွင် သာလွန် ကြီးမြတ်သူ ဖြစ်ကြောင်းကို ကိုယ်တော်သည် ထုတ်ဖော် ပြောကြားခဲ့သည်။ ယောဟန်ဘတ္တိဇံသည် ခရစ်တော်၏ သတင်းကောင်းကို ကြေငြာ ဟောပြောခဲ့သည်။ ကျွန်ုပ်တို့ ခရစ်ယာန်များသည်လည်း ဆေးကြောခြင်း ခံယူပြီးကတည်းက ဘုရားသခင်၏ ဧဝံဂေလိ သတင်းကောင်းကို ကြေငြာ ဟောပြောရန် တာဝန်ရှိသည်။ ကျွန်ုပ်တို့ နေ့စဉ် ရှင်သန်နေရသော ဘဝအသက်တာတွင် ခရစ်တော်ကို သက်သေခံရန်၊ လောကအတွက် ဆားတစ်ပွင့်ဖြစ်ရန်၊ လောကလူသားများအတွက် အလင်းတစ်ခုဖြစ်ရန်၊ မိမိနှင့် နီးစပ်ရာ နေရာပတ်ဝန်းကျင်၌ လူအများက ခရစ်တော်ကို ပိုမိုသိလာစေရန် ကျွန်ုပ်တို့ ကြိုးစားရမည်။ သက်သေခံရမည်။ အသေးငယ်ဆုံးသော အပြုံးတစ်ပွင့်နှင့် အကူအညီလေး တစ်ခုမျှ ပေးနိုင်မည်ဆိုလျှင် ကျွန်ုပ်တို့လည်း ယောဟန်ဘတ္တိဇံ ကဲ့သို့ သာလွန်ကြီးမြတ်သော ဘုရား၏ သားသမီးများ ဖြစ်ကြပေလိမ့်မည်။ ရှေ့တော်ပြေးဘဝက မလွယ်လှဘူး။ အနောက်လာမယ့် ကိုယ့်ထက် ကြီးမြတ်တဲ့ သူတွေအတွက် အစစ အရာရာ ချောမော ပြေပြစ်အောင် ကြိုတင် လုပ်ဆောင်ထားဖို့ တာဝန်ပေးအပ် ခံရသူလည်း ဖြစ်တယ်။ သံယောဟန်ဘတ္တိဇံဟာ နန်းတော်မှာ နူးညံ့တဲ့ အဝတ်ကို ဝတ်ဆင်ပြီး စံနေတဲ့သူ မဟုတ်ဘူး။ အနစ်နာခံရမှာ မကြောက်တဲ့သူတွေ၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုး ဆောင်ရွက်တဲ့သူတွေ၊ လောက နေရာကောင်း မရပေမယ့် ဘုရားသခင်ရဲ့ ရှေ့မှာ စိုးစံကြရမှာ ဖြစ်ပါတယ်။
“အကျွန်ုပ်သည် တရာမျှတသော၊ မှန်ကန်သောအမှုကို ဆောင်ရွက်ခဲ့ပါပြီ။ ကိုယ်တော်၏ အစေခံကို ခိုင်မြဲသော မေတ္တာတော်အတိုင်း ပြုမူဆက်ဆံတော်မူပါ။” (ဆာလံကျမ်း ၁၁၉)
#Sr. Maria Teresa Than Maung (MSJP II)