အမိမယ်တော်ဟာ သံတာဧလိဇဘက်ထံ သွားရောက်ခြင်းကို တွေ့ရပါတယ်။ အင်မတန်မှ လှပတဲ့ ကျမ်းပိုဒ် ဖြစ်ပါတယ်။ ဘုရားရဲ့အမေနဲ့ ဘုရားရဲ့ လမ်းတော်ကို ကြိုတင် ပြင်ဆင်မယ့်သူရဲ့အမေ၊ အမျိုးသမီးနှစ်ဦး တွေ့ဆုံသလို၊ သူတို့လွယ်ထားတဲ့ ကြီးမြတ်တဲ့ သားနှစ်ယောက်ရဲ့ တွေ့ဆုံခြင်းလည်း ဖြစ်တယ်။ အာဒ်ဝင်တူးကာလ တစ်လျှောက်လုံးမှာ အမျိုးသမီးတွေက ဇာတ်လိုက်နေရာမှာ ပါဝင်လှုပ်ရှားတာ တွေ့ရပါတယ်။ ဒီဇင်ဘာ (၂၂)ရက်နေ့ ပထမကျမ်းစာ ဖတ်ရှုခြင်းမှာ သားသမီး မရနိုင်တဲ့ ဟန္နဆိုတဲ့ အမျိုးသမီးမှာ ဗိမာန်တော်မှာ ငိုကြွေးလျက် ဘုရားသခင်ထံ ဆုတောင်းပါတယ်။ နောက်တစ်နှစ် အကြာမှာ ရှမွေလလို့ ခေါ်တဲ့သား မွေးဖွား လာပါတယ်။ ဒီနေ့ရဲ့ ပထမကျမ်း ဖတ်ရှုရခြင်းမှာ ရှံဆုန် (ဆန်ဆုန်) ရဲ့ မိခင်ဟာ အမြုံမဖြစ်ပြီး သားသမီး မရနိုင်တဲ့ အခြေအနေမှာ ကောင်းကင် တမန်တော်က သူတို့အိမ်အထိ ရောက်လာပြီး သားတစ်ယောက် မွေးဖွားမည့် အကြောင်း မင်္ဂလာ သတင်းကောင်းကို ပေးခဲ့ပါတယ်။ ဧလိဇဘက် ကိုယ်တိုင် အသက်အရွယ် အလွန်ကြီးမှ သားယောက်ျား ယောဟန်ဘတ္တိဇံကို မွေးဖွားခဲ့ပါတယ်။ ဘုရားသခင် မတတ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။ မာရီယားရဲ့ ကူညီရိုင်းပင်းခြင်း၊ နှိမ့်ချခြင်း၊ အနစ်နာခံခြင်း စသော ရက်ရောခြင်း စိတ်ဓာတ်ကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဧလိဇဘက်ထံ သွားပြီး ကူညီပေးခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ တစ်ဦးစီမှာ နေထိုင်ရာ ပတ်ဝန်းကျင်၊ အဖွဲ့အစည်းနဲ့ နေတဲ့အခါမှာ ကူညီပေးရန်အတွက် သတိယဖို့ လိုအပ်ပါတယ်။ မယ်တော်မှာ အဝေးကြီးမှာရှိတဲ့ သူ့ရဲ့အစ်မ ဧလိဇဘက်ကို ကူညီခဲ့သလို ကျွန်ုပ်တို့မှာလည်း မိမိနှင့် အနီးဆုံးသူက ဘာတွေ လိုအပ်သလဲ။ ဘာကူညီပေးရမလဲ ဆိုတာကို ပြန်လည် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဧလိဇဘက်သည် အမိမယ်တော် မာရီယား၏ နှုတ်ဆက်သံကို ကြားတဲ့အခါမှာ သားငယ်သည် ဝမ်းတွင်း၌ ခုန်မြူးလေ၏။ ဧလိဇဘက်သည် ဝိညာဉ်တော်မြတ်ရဲ့ နှိုးဆော်မှုကြောင့် သင်သည် မင်္ဂလာရှိ၏။ အကျွန်ုပ် သခင်၏ မယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာသော ကျေးဇူးကို အဘယ်ကြောင့် ကျွန်ုပ်ခံရသနည်းဟု ကြွေးကြော်ခဲ့သည်။ အမိမယ်တော် မာရီးယားကဲ့သို့ နှိမ့်ချခြင်းကို နှစ်သက်မှုရှိပါ။ အနစ်နာခံဖို့ သတ္တိရှိကြပါစို့။
“သင်သည် မိန်းမတကာတို့တွင် မြတ်သော မင်္ဂလာရှိ၏။” (ရှင်လုကာ ၁း ၄၂)
#Sr. Maria Teresa Than Maung (MSJP II)