ယနေ့ ဧဝံဂေလိ သတင်းကောင်းမှာ ကောင်းကင်တမန်တော်က သခင်ယေဇူး မွေးဖွားမည့် အကြောင်း ကြိုတင် မိန့်တော်မူခြင်း အကြောင်းကို ကြားနာရပါတယ်။ ဒီဇင်ဘာလ (၈)ရက်နေ့မှာ မယ်တော်မာရီယား အပြစ်မဲ့ သန္ဓေယူခြင်းပွဲမှာ ဒီကျမ်းပိုဒ်ကို ကျွန်ုပ်တို့ ထောက်ရှု ခဲ့ကြပြီးပါပြီ။အမျိုးသမီး နှစ်ယောက်ဖြစ်တဲ့ ဧဝနှင့် ကညာစင် မာရီယားတို့ဟာ ကယ်တင်ခြင်း သမိုင်းမှာ အဓိက ပါဝင်ကြပါတယ်။ နှစ်ဦးစလုံး ဘုရား၏ ဖန်ဆင်းခြင်းကို ခံရပြီး ဘုရား၏ ကယ်တင်ခြင်း လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် ဘုရား ရွေးကောက်ထားခြင်း ခံထားရတယ်။ ဧဝဟာ လူသားအားလုံး၏ မိခင်ဖြစ်ပြီး မာရီးယားသည် ဘုရား၏မိခင် ဖြစ်လာခဲ့တယ်။ ဘဝတစ်ခုလုံးအတွက် ကယ်တင်ခြင်း လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန်အတွက် ရွေးကောက်ခံ ခဲ့ရသူတွေ ဖြစ်တယ်။ ဤအမျိုးသမီး နှစ်ဦး၏ ရွေးချယ်မှုဟာ ကမ္ဘာကြီးကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။ မာရီယား၏ ဘုရားကို ရွေးချယ်မှုကြောင့် ဖန်ဆင်းခံ လူသားအားလုံး ကယ်တင်ခြင်း ရခဲ့တယ်။ ဘုရားနဲ့လူသား တစ်လုံးတစ်ဝတည်း ဖြစ်စေခဲ့တယ်။ အမိမယ်တော်ရဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို မဆိုင်းမတွဘဲ ဆောင်ရွက်ဖို့ ကောင်းကင် တမန်တော်ကို ပြန်ဖြေလိုက်ပါတယ်။ “ကျွန်မသည် ထာဝရဘုရားသခင်၏ အစေခံ ဖြစ်ပါ၏။ သင်၏စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေ။” မယ်တော်ရဲ့ ကြီးမားတဲ့ ယုံကြည်ခြင်းက သူမကို အမြဲအဆင်သင့် ဖြစ်နေစေပါတယ်။ အပျိုကညာစင် ကိုယ်ဝန်ရှိတာ အရှက်ကိုရော၊ အသက်ကိုရော မယ်တော်မာရီယား စတေးလိုက်တာပါ။ အီစရာအဲလ် ထုံးစံအရ ကျောက်ခဲနှင့် မြို့ပြင်မှာ ပစ်သတ်ခံရမှာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်၌ ထားရှိသော မယ်တော်ရဲ့ ယုံကြည်ခြင်းက အင်မတန် ကြီးမားပါတယ်။ ကျွန်ုပ်တို့လည်း ဘဝမှာ ဖြစ်ပျက်လာသမျှကို ဘယ်လိုလက်ခံလဲ။ ယုံကြည်ခြင်းက မုန်ညှင်းစေ့လောက်ရှိရင် တောင်ကို ရွေ့နိုင်တယ်လို့ သခင်ယေဇူး မိန့်မွက်ထားပါတယ်။ ကျန်းမာမှ ဘုရားကို ချီးမွမ်းမှာလား၊ ချမ်းသာမှ ဘုရားကို ချီးမွမ်းမှာလား၊ တိုက်တာနဲ့ နေနိုင်မှ ဘုရားကို ချီးမွမ်းမှာလား။ ယုံကြည်ခြင်းက အဓိက ဖြစ်ပါတယ်။
“အကြောင်းမူကား ဘုရားသခင် မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။” (ရှင်လုကာ ၁း၃၇)
#Sr. Maria Teresa Than Maung (MSJP II)