ဒီနေ့ အသက်ပေး နှုတ်ကပတ်တော်မှာ မယ်တော်မာရီးယား သံတာဧလိဇဘက်ထံ သွားရောက်ခြင်းကို တွေ့ရပါတယ်။ ဒီကျမ်းပိုဒ်ကို လွန်ခဲ့တဲ့ အာဒ်ဝင်တူး စတုတ္ထ တနင်္ဂနွေနေ့မှာလည်း ထောက်ရှုခဲ့ကြပြီး ဖြစ်ပါတယ်။ နာတာလူးပွဲ နီးလာလေ ပျော်ရွှင်မှု ဒီဂရီက မြင့်လာလေ ဖြစ်ပါတယ်။ ဒီနေ့တော့ ပျော်ရွှင်ခြင်းအကြောင်း ထောက်ရှုကြပါစို့။ ဧလိဇဘက်က မာရီးယား၏ နှုတ်ဆက်သံကို ကြားတဲ့အခါ ဝမ်းထဲမှာ ရှိတဲ့ သားငယ်လေး ခုန်မြူးနေပါတယ်။ ဧလိဇဘက်က ဝိညာဉ်တော်နဲ့ ပြည့်ဝလျက် အသံကျယ်လောင်စွာ ကြွေးကြော်သည်မှာ “သင်သည် မိန်းမတကာတို့တွင် မြတ်သောမင်္ဂလာရှိ၏။ ဝမ်းတွင်းမှ အသီးတော်သည်လည်း မင်္ဂလာရှိတော်မူ၏။” ဟူ၍ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေလည်း ဒီလိုပါဘဲ။ ကျွန်ုပ်တို့ မိဘနဲ့ ဝေးနေတဲ့အချိန်မှာ မိဘက ကျွန်ုပ်တို့ဆီ လာလည်ရင် ကျွန်ုပ်တို့ ပျော်တယ်။ မိဘက ကျွန်ုပ်တို့ဆီ ဖုန်းဆက်လာရင် ကျွန်ုပ်တို့ ပျော်တယ်။ အချစ်ဆုံး မိတ်ဆွေ သူငယ်ချင်းလည်း ဒီလိုပဲ။ ဝေးနေချိန်မှာ ကျွန်ုပ်တို့ဆီ လာလည်ရင် ကျွန်ုပ်တို့ ပျော်တယ်။ သူတို့ဆီ သွားလည်ရင်လည်း သူတို့ပျော်ကြမှာဘဲ။ မင်္ဂလာရှိတဲ့ စကားတွေ ပြောကြ၊ ဆိုကြ၊ ပျော်ကြတယ်။ အကူအညီ လိုအပ်နေချိန် ပစ္စည်းဥစ္စာအားဖြင့် မကူညီနိုင်ရင်တောင်မှ အားပေးစကား ပြောကြ၊ ကြားရကြရင် နှလုံးသားမှာ ရွှင်မြူးနေပါတယ်။ မယ်တော် မာရီးယား သွားရောက် နှုတ်ဆက်လို့ ယေဇူးသခင် ကြွလာသည် ဆိုသည့် ကျေးဇူးတော်နဲ့ ဧလိဇဘက်၏ ဝမ်းထဲရှိ သားငယ်လေး ခုန်မြူးနေသလို ကျွန်ုပ်တို့၏ စိတ်နှလုံးတွေလည်း ကြည်နူးမြူးပျော် နေကြရပါမယ်။ ဒါကြောင့် အာဒ်ဝင်တူး ကာလမှာ မကြာခင် ခရစ်တော် ယေဇူးလေး ကြွလာတော့မယ့် ကျွန်ုပ်တို့ ကိုယ်စီ နှလုံးသားကို ပြင်ဆင်ထားရမယ်။ ဒါမှသာ ခရစ်တော်ယေဇူး ကျွန်ုပ်တို့ဆီ ကြွလာတဲ့အချိန်မှာ ကျွန်ုပ်တို့ဟာ ဝမ်းသာဝမ်းမြောက်ခြင်းနှင့် လက်ခံကြိုဆိုနိုင်ကြမှာပဲ ဖြစ်ပါတယ်။
“အချင်းတံခါးတို့ သင်တို့၏ တံခါးမုဒ်များကို ကြွလိုက်ကြလော့။ ဘုန်းကြီးတော်မူသောဘုရင် ကြွဝင်နိုင်ရန် ဖွင့်ပေးကြလော့။” (ဆာလံကျမ်း ၂၄)
#Sr. Maria Teresa Than Maung (MSJP II)