ဒီနေ့မှာ ဖတ်ရှုရတဲ့ အသက်ပေး နှုတ်ကပတ်တော်မှာ အမိမယ်တော် မာရီးယားက ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းခြင်းကို ဖော်ပြထားပါတယ်။ မာညီဖီကတ် သီချင်းလို့လည်း အမည်တွင်ပါတယ်။ ဓမ္မရာဇဝင် ပထမစောင် (၂း ၁ - ၁၁)မှာရှိတဲ့ ဟန္နရဲ့ သီချင်းကို မယ်တော် ပြန်ဆိုတာ ဖြစ်ပါတယ်။ မယ်တော် မာရီးယားဟာ အီစရာအဲလ် လူမျိုးတို့၏ ဓလေ့ထုံးစံကို လိုက်နာကျင့်သုံးတဲ့ အမျိုးသမီးဖြစ်ကြောင်း ထင်ရှားပါတယ်။ ဟန္နရဲ့ သီချင်းနဲ့ မာညီဖီကတ် သီချင်းမှာ ကွဲပြားမှုတွေ ရှိပါတယ်။ ယခုမှစ၍ ခပ်သိမ်းသော လူမျိုးအစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟု ခေါ်ဝေါ်ကြလိမ့်မည်။ အဲဒီစကားလုံးတွေကို ရှမွေလရဲ့ မိခင်ဟန္နသီဆိုတဲ့ သီချင်းမှာ မပါပါဘူး။ မယ်တော်သာလျှင် လူမျိုးအစဉ်အဆက် ချီးမြှင့်ထိုက်တဲ့ မိန်းမမြတ် ဖြစ်ပါတယ်။အမိမယ်တော်မာရီးယားသည် ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းတယ်။ ကျွန်ုပ်တို့ တစ်ဦးစီ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ချီးမွမ်းရင်း ဘုရားသခင်အတွက် အချိန်ပေးရန် လိုအပ်ပါတယ်။ ဘုရားသခင်ကို အချိန်ပေးဖို့ အချိန်ရှိပါလျက် မပေးဘဲ လောကီရေးရာ၌ စိတ်ဝင်စားကြတယ်။ ထို့ကြောင့် ဆူညံသံများသည် ကျွန်ုပ်တို့၏ အလယ်တွင် ဝင်ရောက်လာသည်။ အတွင်းစိတ် ငြိမ်သက်ခြင်းရှိဖို့ အရေးကြီးပါတယ်။ အတွင်းစိတ်သည် ဘုရားသခင်နှင့် မိနစ်အနည်းငယ် ရင်းနှီးစွာ ရှိနေရန် ခဲယဉ်းပါတယ်။ အတွင်းစိတ် ငြိမ်သက်ခြင်းရှိရန် ဆုတောင်းခြင်း လိုအပ်၏။ ဆုတောင်းခြင်း မရှိရင် ခရစ်ယာန် အသက်တာသည် မီးသေနေတဲ့ ဖယောင်းတိုင်နဲ့ တူပါတယ်။ ကျွန်ုပ်တို့သည် လောကရဲ့ အလင်း၊ ဆား ဖြစ်ရပါမယ်။ ဆုတောင်းရင်း ရင်မှာရှိသည့်အတိုင်း ဘုရားသခင်နှင့် ဆက်သွယ်ခြင်း ဖြစ်ပါတယ်။ မာညီဖီကတ် သီချင်းဖြင့် ကျွန်ုပ်တို့သည်လည်း မယ်တော်နှင့်အတူ ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းကြပါစို့။
“အကြောင်းမူကား တန်ခိုးကြီးတော်မူသော သခင်သည် ငါ့အဖို့ ကြီးမြတ်သော အရာများကို ပြုတော်မူပြီ။” (ရှင်လုကာ ၁း ၄၉)
#Sr. Maria Teresa Than Maung (MSJP II)