ဒီနေ့ ဒီဇင်ဘာလ (၂၃)ရက်နေ့ ရောက်လာပြီ ဖြစ်တဲ့အတွက် အာဒ်ဝင်တူးကာလ သခင်ယေဇူးလေးရဲ့ ကြွလာခြင်းကို စောင့်မျှော်တဲ့ အချိန်က အမြင့်ဆုံး ရေချိန်မှတ်ကို ရောက်ရှိလာပါပြီ။ ဒီကနေ့ ဧဝံဂေလိ သတင်းကောင်းက သံယောဟန် ဘတ္တိဇံ မွေးဖွားခြင်းကို ပြောကြားထားပါတယ်။ သံယောဟန်ရဲ့ မွေးဖွားခြင်းက သဘာဝကို လွန်ကဲတဲ့ မွေးဖွားခြင်း ဖြစ်ပါတယ်။ မိခင်အရွယ်လွန်မှ သံယောဟန်ကို မွေးပေးခဲ့တယ်။ ဝမ်းသာစကား ပြောကြားတဲ့ ကောင်းကင်တမန်ကို မယုံလို့ ဖခင်ဇာခရိယ စကားမပြောတတ် ဖြစ်သွားတယ်။ အမည်ပေးတဲ့နေ့ စကားပြန်ပြောလို့ ရသွားတယ်။ ယောဟန်ဘတ္တိဇံ မွေးဖွားခြင်းမှာ ဝမ်းသာမှုတွေက အထပ်ထပ် ဖြစ်နေတယ်။ ဆွေမျိုးသားချင်းတွေနဲ့ အိမ်နီးနားချင်းတွေက ဧလိဇဘက်အတွက် ဝမ်းသာကြတယ်။ “ဇာခရိရဲ့ နှုတ်သည် ပွင့်၍ သူ၏လျှာသည်လည်း အနှောင်အဖွဲ့မှ ကင်းလွတ်ကာ သူသည် ဘုရားသခင်ကို ချီးမွမ်းလေ၏။ မနက်ဖြန်ညဆိုရင် သန်းခေါင်မစ္ဆားနဲ့ သူငယ်တော်လေးရဲ့ မွေးနေ့ကို ကျင်းပကြတော့မယ်။ ကျွန်ုပ်တို့တစ်ဦးစီရဲ့ ရင်ထဲမှာ အေးနေလား၊ နွေးနေလား၊ ပျော်နေပြီလား။ ခံစားချက်တွေ အေးနေသေးရင် ပျော်ရွှင်မှု ရင်ခုန်သံ မကြားရသေးရင် ဒီနေ့၊ မနက်ဖြန် အချိန်မီသေးတယ်။ တို့တွေရဲ့ အလင်းရှင်၊ ကယ်တင်ရှင် ငြိမ်းချမ်းရေးရဲ့ ဘုရင်ကြွလာတော့မယ်။ ကြိုဆိုကြပါစို့။
“ယုံကြည်သောသူတို့သည် ဘုန်းဂုဏ်တော်၌ ဝမ်းမြောက်ကြပါစေ။ သူတို့သည် မိမိတို့၏ အိပ်ယာများ အပေါ်၌ ဝမ်းမြောက်ဝမ်းသာ သီချင်းဆိုကြပါစေ။” (ဆာလံကျမ်း ၁၄၉)
#Sr. Maria Teresa Than Maung (MSJP II)