ဒီဇင်ဘာလ (၂၅)ရက်နေ့မှာ ကျရောက်တဲ့ ခရစ်ယာန်တို့ရဲ့ နာတာလူး ပွဲတော်ကြီးဟာ ရောမဘုရင် လက်ထက်က နတ်ဘုရား ကိုးကွယ်တဲ့သူတွေ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ “နေမင်းကြီးရဲ့ ပွဲတော်” ကို အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဆောင်းရာသီမှာ နေကို သိပ်မမြင်ရဘဲ နှင်းမှုန်တွေ ဝေဆိုင်းပြီး အမှောင်သန်းနေတဲ့ အခြေအနေကနေ ဒီဇင်ဘာ (၂၁)ရက်နေ့ကစပြီး နေရဲ့ အလင်းရောင်ကို ပိုပြီး မြင်ခဲ့ကြရပါတယ်။ အမှောင်ကိုခွင်ပြီး အလင်းဆောင်တဲ့ နေမင်းကြီးရဲ့ ပွဲတော် ဖြစ်ပါတယ်။ အမှောင်နဲ့တူတဲ့ အပြစ်ထဲမှာ နစ်မွန်းနေတဲ့ လောကသားတွေကို ကယ်တင်ခြင်း အလင်း ပြန်ပေးတဲ့၊ အနွေးဓာတ် ပြန်ပေးတဲ့ ခရစ္စမတ်ပွဲတော်ဟာ ကယ်တင်ရှင် မက်ဆီးယားရှင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ ရှင်ယောဟန်က “ကိုယ်တော်၌ အသက်တည်ရှိ၍ အသက်သည် လူတို့၏ အလင်းဖြစ်၏။ အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။” လို့ ရေးသားထားပါတယ်။ နာတာလူးပွဲတော်ဟာ အလင်းရဲ့ပွဲ၊ ချစ်ခြင်းမေတ္တာရဲ့ပွဲ ဖြစ်ပါတယ်။ လောကသားများအပေါ် ထားရှိတဲ့ အဘခမည်းတော်ဘုရားရဲ့ ချစ်ခြင်းက သူ့ရဲ့ တပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူခဲ့တဲ့အထိ ဖြစ်ပါတယ်။ လျှပ်စစ်မီးပျက်ပြီး မီးပြန်လာတဲ့အခါ ဝမ်းသာကြတယ်။ အမှောင်ထု ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ မီးတိုင်ငယ်လေးတစ်ခုက လာတဲ့ အလင်းလေးဟာ အနားမှာ ရှိနေတဲ့ သူတွေကို ဝမ်းမြောက်စေတယ်။ ကြောက်စိတ်ကို ဖယ်ရှားပေးနိုင်တယ်။ အမှောင်ထုနဲ့ တူတဲ့အပြစ်ဟာ ကြောက်ဖို့ ကောင်းပါတယ်။ “မှောင်မိုက်ထဲမှာ သွားလာနေသော လူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” (ဟေရှာယ ၉း ၂) ဒီနေ့ ခရစ္စမတ်နေ့မှာ သူငယ်တော်လေးရဲ့ ချစ်ခြင်းနဲ့အလင်းကို အခြားသူတွေဆီ ဘယ်လို သယ်ဆောင် သွားကြမလဲ။ ငတ်မွတ်နေတဲ့သူတွေ၊ အဝတ်ချည်းစီးရှိတဲ့သူတွေ အစရှိသဖြင့် အသိမ်ငယ်ဆုံး သူတွေကို ကူညီရင် သင့်ရဲ့အလင်းဟာ ထွန်းလင်းလိမ့်မယ်လို့ ပရောဖက် ဟေရှာယက ပြောထားပါတယ်။ လူသားအားလုံး ပျော်ရွှင်နိုင်ကြပါစေ။ အေးချမ်းကြပါစေ။ အမိမြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ Happy Christmas!
“အကြောင်းမူကား ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။” (ဟေရှာယ ၉း ၆)
#Sr. Maria Teresa Than Maung (MSJP II)