“ငါသည် ဤလူမျိုးဆက်ကို မည်သည့်အရာနှင့် နှိုင်းယှဉ်ရမည်နည်း။” ဒီကနေ့ ခရစ်တော်ဘုရားရှင်ရဲ့ မိန့်ကြားချက် အနည်းငယ် ဒေါသကလေး ထွက်နေတာ တွေ့ရပါတယ်။ တကယ်ထောက်ရှုကြည့်ရင် ခရစ်တော်ရဲ့ အားမလိုအားမရမှုဟာ ဖြစ်လည်းဖြစ်ထိုက်ပါတယ်။ ခရစ်တော်ရဲ့ ခေတ်ကာလ က ဖြစ်ပျက်နေပုံနဲ့ ဒီကနေ့ ကိုယ့်လူတွေ ဖြစ်ပျက်နေပုံတွေဟာ သိပ်တော့ မခြားလှပါဘူး။ တကယ့်ကို အဆင်မပြေပါဘူး။ ယောဟန်ပတ္တိဇံ အစားရှောင်၊ ၀ါရှောင်တော့လည်း ပြောကြပြန်တယ်။ ခရစ်တော်ဘုရား လူသားတစ်ယောက်လို စားသောက်ပြန်တော့လည်း အစားကြူး၊ အသောက်ကြူးလို့ သမုတ်ကြပြန်တယ်။ ခေတ်ကာလကိုက အဆိုးမြင်ဝါဒီ လွှမ်းမိုးနေတဲ့ ခေတ်ဖြစ်နေပါတယ်။ ဒီအဖြစ်သနှစ်တွေဟာ ဒီကနေ့အထိ တိုက်ဆိုင်နေကြတုန်းပါဘဲ။ လူ့သဘောသဘာဝအရ အကောင်းမြင်စိတ်ထက် အဆိုးဘက်ကို အားပြုနေပါတယ်။ ကျွန်တော်တို့လည်း ခရစ်တော်ညွန်းတဲ့ “ဤလူမျိုးဆက်”ထဲမှာ ပါကောင်း ပါနေနိုင်ပါတယ်။ တစ်ခုခုဆို အကောင်းမြင်စိတ်ထားဖို့ထက် အဆိုးပိုမြင်တတ်ကြပါတယ်။“ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလည်းမလုပ်တတ်ဘူး”ဆိုတဲ့ အထဲမှာ ပါနေတာတွေ များပါတယ်။ သူတစ်ပါးရဲ့ လုပ်ရပ်ကောင်းကို မုဒိတာပွားဖို့ထက် ဖျက်လိုဖျက်ဆီး စိတ်ဓာတ်ကအလေးသာနေတတ်ပါတယ်။ အထူးသဖြင့် စိတ်နှလုံးသား ပြင်ဆင်ရတဲ့ အာဒ်ဝင်တူးကာလမှာ ဒီစိတ်ဓာတ်တွေ ဖယ်ရှားကြဖို့ အရေးကြီးပါတယ်။ “ကောင်း၏။ ဆိုး၏။”ဆိုတဲ့ အမှားအမှန်ကို ခွဲခြားသိမြင်ဖို့ ဉာဏ်ပညာကို ဘုရားရှင်ဆီ တောင်းခံကြပါမယ်။ ဒါမှသာ မိမိရဲ့ဝိညာဉ်ရေး မှန်ဘောင်ပေါ်မှာ အမှန်အတိုင်း ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါလိမ့်မယ် ……….. မိတ်ဆွေ။
Fr.လှအောင်(ကတ)