ဒီနေ့ဟာ ယေဇူး၊ မာရီးယား၊ ဇူဇယ်တို့ရဲ့ သန့်ရှင်းသော အိမ်ထောင်စုပွဲနေ့ ဖြစ်ပါတယ်။ ဒီနေ့ ကြားနာရတဲ့ ဧဝံဂလိ သတင်းကောင်းရဲ့ ခေါင်းစဉ်က “သူငယ်တော်ကို ဗိမာန်တော်၌ ပြန်တွေ့ခြင်း” လို့ ပေးထားပါတယ်။ မယ်တော်နဲ့ သံဇူဇယ်တို့ဟာ နှစ်စဉ်နှစ်တိုင်း ပါစကားပွဲတော်အတွက် ဂျေရုဇလင်မြို့ကို သွားကြတယ်။ ဒီနှစ်မှာ သခင်ယေဇူး ဆယ့်နှစ်နှစ်ပြည့်တဲ့အတွက် အီစရာအဲလ် လူမျိုးတို့ရဲ့ ထုံးစံအတိုင်း သခင်ယေဇူးကိုပါ ကျောင်းဗိမာန်ကို ခေါ်သွားကြပါတယ်။ အပြန်ခရီးမှာ သခင်ယေဇူး ပြန်ပါမလာတာကို တစ်ရက်ခရီး အပြီးမှာမှ မယ်တော်နဲ့ သံဇူဇယ်တို့ သတိထားမိကြတယ်။ မတွေ့တာနဲ့ ဂျေရုဇလင်မြို့ကို နောက်တစ်ခေါက် လာကြတယ်။ စရှာတဲ့ နေရာကနေ သုံးရက်လွန်တဲ့အခါ ဂျေရုဇလင်ရဲ့ ဗိမာန်တော်မှာ ကျမ်းတတ်ဆရာတို့ရဲ့ အလယ်မှာ ပြန်တွေ့ပါတယ်။ နံပါတ် “သုံး” ဟာ သမ္မာကျမ်းစာမှာ အဓိပ္ပါယ် ရှိတဲ့ဂဏန်း ဖြစ်ပါတယ်။ ယောနဟာ ငါးကြီးဗိုက်ထဲမှာ သုံးရက် နေခဲ့ရတယ်။ သခင်ယေဇူးဟာ သုံးရက်တိတိ မြေကြီးရဲ့ ဝမ်းဗိုက်ထဲမှာ နေခဲ့ရပြီး သုံးရက် မြောက်သောနေ့မှာ ရှင်ပြန်ထမြောက် ခဲ့ပါတယ်။ “သင့်ဖခင်နှင့် ငါသည် စိတ်ပူပန်လျက် သင့်ကို ရှာခဲ့ကြပြီ” လို့ မယ်တော်က သားတော်ကို ပြောလိုက်တယ်။ အဲဒီအခါ “ကျွန်ုပ်သည် ခမည်းတော်၏ အိမ်တော်တွင် ရှိနေရမည်ကို မသိကြသလော” လို့ ယေဇူးက ပြန်ပြောတယ်။ မယ်တော်နဲ့ သံဇူဇယ်တို့ဟာ နက်နဲလှတဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်နာနေကြကာ အပြည့်အဝ နားမလည်ရှာကြဘူး။ နှိမ့်ချခြင်း၊ ချစ်ခြင်း၊ နာခံခြင်း အဲဒီသုံးမျိုးကိုတော့ သူတို့ပိုသိကြတယ်။ ခရစ်ယာန် မိသားစုတွေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတွေမှာ ချစ်ခြင်း၊ တစ်ဦးနဲ့တစ်ဦး နားထောင်ခြင်း၊ တစ်ဦးနဲ့တစ်ဦး နှိမ့်ချတဲ့စိတ်နဲ့ အနစ်နာခံခြင်းတွေ ရှိကြမယ်ဆိုရင် အိမ်ထောင်စုတိုင်းဟာ သာယာမှုတွေ၊ ငြိမ်းချမ်းခြင်းတွေ ရှိမှာ မလွဲဧကန် ဖြစ်ပါတယ်။ ရဟန္တာမြတ် ဒုတိယမြောက် ဂျွန်ပေါလ်က “မိသားစုဟာ ဘုရားရဲ့ ဗိမာန်တော် ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။ ဘဝကံကြမ္မာ အမျိုးမျိုးကြောင့် ကွဲပြားနေတဲ့ ဘုရားရဲ့ ဗိမာန်တော်လေးတွေအတွက် ဆုတောင်း ပေးကြရအောင်။ လမင်းတစ်ရာလို အေးမြတဲ့ အမေ့မေတ္တာ၊ နေမင်းကြီးလို ခွန်အားတွေ ပေးနေတဲ့ အဖေ့မေတ္တာ၊ ကြယ်လေးတွေလို ကောင်းကင်ယံမှာ တောက်ပနေတဲ့ သားသမီးတွေနဲ့အတူ မိသားစုတိုင်းမှာ ကြယ်တွေ စုံတဲ့ည ဖြစ်နေပါစေ။ “ယေဇူး၊ မာရီးယား၊ ဇူဇယ် - ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်း ပေးတော်မူကြပါ။ အာမင်။”
#Sr. Maria Teresa Than Maung (MSJP II)