ယနေ့ ကျွန်ုပ်တို့ ကြားနာရတဲ့ ဧဝံဂေလိ သတင်းကောင်းဟာ မနေ့က ဖတ်သွားတဲ့ ကျမ်းစာရဲ့ အဆက် ဖြစ်ပါတယ်။ သူငယ်တော်လေးကို ကျောင်းဗိမ္မာန်မှာ သွားရောက် ပူဇော်တဲ့အချိန် ဖြစ်ပါတယ်။ ပရောဖက် ဆီမေအုန် သူတော်မြတ်က နောင်ဖြစ်လာမည့် အရာများကို ဟောပြောနေစဉ် ပရောဖက်မ အာနားကလည်း ထိုဗိမ္မာန်တော်၌ ရှိနေခဲ့တယ်။ သူမ၏ဖခင် နာမည်ဖြစ်သော ဖာနူအဲလ်၏ အဓိပ္ပါယ်မှာ ဘုရား၏အလင်း ဖြစ်သည်ဟု သိရှိနိုင်သည်။ အာနား၏ အမည်အဓိပ္ပါယ်ကား ဘုရားသခင်သည် သနားကြင်နာတတ်သော ဘုရားဖြစ်သည်ဟု သိရတယ်။ ဒါ့ကြောင့် ကိုယ်တော်၏ ကယ်တင်ခြင်း လုပ်ငန်း၌ ရှေ့ပြေးဖော်ပြသော ပရောဖက်များ ဖြစ်တယ်ဟု လက်ခံရမယ်။ ဘုရားသခင်ဟာ လောကကို ဆင်းကြွလာပြီး တရားဒေသနာ စတင်ဟောကြားသော အချိန်ကစ၍ ကိုယ်တော်ရဲ့ လူသားတို့အပေါ် ထားတဲ့ သနားကြင်နာခြင်းနဲ့ မှောင်မိုက်တွင် သွားလာနေထိုင်သော သူတို့ကို ဝေငှခဲ့တယ်။ ကျွန်ုပ်တို့ ခရစ်ယာန်များဟာလည်း ပရောဖက်များကဲ့သို့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းကောင်းကို လူများတို့အား ဟောပြောရန် တာဝန်ရှိတယ်။ ဒီကျမ်းစာတော်မြတ်မှာလည်း သန့်ရှင်းသော အိမ်ထောင်စုကို ခရစ်ယာန် အိမ်ထောင်စုများဟာ အတုယူသင့်တယ်။ မယ်တော်နဲ့ အဖသံဇူဇယ်တို့ဟာ ဘုရားသခင်ရဲ့ ပညတ်တရားအတိုင်း သာမက လူတို့ပြဌာန်းထားသော ထုံးတမ်းစဉ်လာ ဥပဒေများကို တသွေမတိမ်း လိုက်နာဆောင်ရွက် ခဲ့ကြတယ်။ သူငယ်တော်ယေဇူးက မိဘတို့အား ကျိုးနွံနာခံလျက် သူတို့နှင့်အတူ လောကတွင် အသက်ရှင် နေထိုင်ခဲ့တယ်။ သန့်ရှင်းသော အိမ်ထောင်စုဟာ ကျွန်ုပ်တို့ တစ်ဦးစီကို ကျရာနေရာ ကဏ္ဍမှာ ဘုရားသခင်ရဲ့ အလိုတော်ကို ပရောဖက်မ အာနားကဲ့သို့ ဆောင်ရွက်ရန် ဖြစ်တယ်။
“အိုဘုရားသခင် အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများမှ သွေဖယ်၍ မသွားပါ။ သွန်သင်တော်မူချက်တို့သည် အကျွန်ုပ်၏ စိတ်နှလုံးအတွက် ဝမ်းမြောက် ပျော်ရွှင်ဖွယ်ရာ ဖြစ်ပါ၏။” (ဆာလံကျမ်း ၁၁၉)
#Sr. Maria Teresa Than Maung (MSJP II)