ဒီကနေ့ ထောက်ရှု ဆင်ခြင်ဖို့ အမိအသင်းတော်က သတ်မှတ်ပေးထားတဲ့ ကျမ်းချက်လေးမှာ ပါဝင်တဲ့ အကြောင်းအရာလေးကတော့ အစအဦးကပင် တည်ရှိခဲ့သော နှုတ်တော်ထွက် စကားဟာ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား အမှန်စင်စစ် ဖြစ်ကြောင်းနဲ့ ယောဟန်ဘတ္တိဇံရဲ့ နှိမ့်ချတဲ့ သက်သေခံချက်များပင် ဖြစ်တယ်။ “အစအဦး၌ နှုတ်တော်ထွက်စကား တည်ရှိတော်မူ၏။” ဆိုသည့်အချက်ဟာ ကမ္ဘာဦးကျမ်းမှာ ပါရှိတဲ့ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၁း ၁) ဤကျမ်းချက်နဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဒါပေမဲ့ ဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်ဟာ ကမ္ဘာလောကကို မဖန်ဆင်းမီကပင် ရှိနှင့်ခဲ့ပြီးဖြစ်တယ်။ ဘုရားသခင်ဟာ အရာခပ်သိမ်းတို့ရဲ့ မူလအစနဲ့ အစရှာ၍ မရနိုင်သော စတင်မှုဖြင့် လူသတ္တဝါအပေါင်းတို့ကို ဖန်ဆင်းတော်မူခဲ့ပြီး လူသားအားလုံးကို ကိုယ်တော်ဘုရားရှင်က မိမိ၏ အပေါင်းအဖော်များအဖြစ် နေ့စဉ် လက်ကမ်းကြိုဆိုလျက် ရှိပါတယ်။ ဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်ဟာ အသင်းတော်ကြီး၏ အဆက်မပြတ် သစ်ဆန်းနေမှုအတွက် ပြုပြင်ပြောင်းလဲပေးသော စမ်းရေအိုင်လည်း ဖြစ်တယ်။ ယေဇူးခရစ်တော် ဘုရားရှင်ဟာ လူ၏အဖြစ်ကို ယူတော်မူသော ဘုရားသခင်၏ ထာဝရနှုတ်တော်ထွက် စကားဖြစ်တော်မူ၍ ကက်သလစ် ဘာသာဝင်တို့ရဲ့ ယုံကြည်ရာ အနှစ်ချုပ် ဖြစ်တော်မူတယ်။ ဆက်လက်ပြီး ယောဟန်က “သူသည် အလင်းတော်မဟုတ်၊ အလင်းတော် အကြောင်းကို သက်သေခံရန်လာသော သူသာဖြစ်၏။ ရိုးသားနှိမ့်ချစွာဖြင့် သက်သေခံခဲ့တယ်။ အလင်းလို့ ဆိုတဲ့အခါ ဖန်ဆင်းခြင်းရဲ့ ပထမနေ့မှာ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။” (ကမ္ဘာဦး ၁း ၃) တစ်ဖန် ယေဇူးက “ငါသည် လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်တွင် သွားလာရမည်မဟုတ်၊ သူသည် အသက်နှင့်ဆိုင်သော အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။” (ယောဟန် ၈း ၁၂) ဒါကြောင့် သဘာဝအလင်းဖြစ်စေ၊ တရားဓမ္မ အလင်းဖြစ်စေ၊ အလင်းဟူသမျှရဲ့ မူလအစဟာ ဘုရားသခင် ထံတော်မှ ဖြစ်တည်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ရမှာဖြစ်တယ်။ ဒီနေ့ဧဝံဂေလိကျမ်းတွင် ရှင်ယောဟန်က ခရစ်တော်သခင်အားဖြင့် ကမ္ဘာလောကကြီးသည် ဖန်ဆင်းခဲ့ရသော်လည်း လောကသားတို့သည် ကိုယ်တော်ကို မသိကြကြောင်း၊ ကိုယ်တော်ရှင်အား ယုံကြည် လက်ခံသော သူတို့အား ဘုရားသခင်၏ သားသမီး ဖြစ်ခွင့်ကို ပေးမည့်အကြောင်းနှင့် သားတော်ယေဇူး ခရစ်တော်သခင်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသည့် အကြောင်းတို့ကို ဆက်လက် ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့ရဲ့ ကယ်တင်ရှင် ယေဇူးခရစ်တော် မွေးဖွားလာတာဟာ ဒီနေ့မှာ တစ်ပါတ် တင်းတင်း ပြည့်ခဲ့ပြီးဖြစ်တဲ့အပြင် နှစ်တစ်နှစ်တာရဲ့ နောက်ဆုံးရက်လည်း ဖြစ်ပေတယ်။ တစ်နှစ်တာ (၂၀၂၁)ခုနှစ် တစ်လျှောက်လုံးမှာ ခံစားရရှိခဲ့တဲ့ ကျေးဇူးတော်တွေကို ပြန်လည်ရေတွက် ကြပါစို့။ ကိုယ်တော်ရှင်ကို ကျေးဇူးတင် ချီးမွမ်းကြပါစို့။ ၂၀၂၁ ခုနှစ်မှာ အမှတ်တရ ငါဘာလုပ်ခဲ့သလဲ၊ ဘာထားခဲ့သလဲ။ တစ်နှစ်တာအတွင်း ပျောက်သွားတဲ့ သိုးလေး ဖြစ်ခဲ့တာတွေ အတွက်လည်း ကိုယ်တော်ရှင်ထံ အခွင့်တောင်းခံ ကြပါစို့။ မနက်ဖြန် ဇန်နဝါရီလ (၁)ရက်နေ့ ၂၀၂၂ခုနှစ် နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ဘုရား၏ မယ်တော် ပွဲနေ့ကြီးလည်း ဖြစ်ပါတယ်။ အစပြုနေတဲ့ နှစ်သစ်ကို အမိမယ်တော်ထံ အပ်နှံပူဇော်ကြပါစို့။ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။ အမိမြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။
“တန်ခိုးကြီးတော်မူသော သခင်သည် ငါ့အဖို့ ကြီးမြတ်သော အမှုအရာတို့ကို ပြုတော်မူပြီ။ ကိုယ်တော်၏ နာမတော်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။” (ရှင်လုကာ ၁း ၄၉)
#Sr. Maria Teresa Than Maung (MSJP II)