ဇန္နဝါရီလ ၁ ရက် (စနေနေ့)
ဘုရားရှင်၏မြတ်မယ်တော်ပွဲနေ့
ရှင်လုကာ ၂ : ၁၆ - ၂၁
၁၆။ ထို့နောက် သူတို့သည် အလျင်အမြန်သွားကြလျှင် မာရိယာနှင့် ဂျိုးဇက်ကိုလည်းကောင်း၊ နွားစားခွက်၌သိပ်ထားသော သူငယ်တော်ကိုလည်းကောင်း တွေ့ ကြ၏။-
၁၇။ သိုးထိန်းတို့သည် ဤဖြစ်ရပ်ကိုတွေ့မြင်ကြသောအခါ သူငယ်တော်နှင့်စပ်လျဉ်း၍ မိမိတို့အား ဗျာဒိတ်တော်ပေးသည့် မိန့်ကြားချက်ကို ပြန်ပြောကြ၏။-
၁၈။ ကြားရသောသူအပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြောသည့်အကြောင်းအရာများ၌ အံ့ဩကြ၏။-
၁၉။ မာရိယာမူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိ၏စိတ်နှလုံးတွင် စဉ်းစားဆင်ခြင်လျက် သိမ်းထားလေ၏။-
၂၉။ သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောပြထားသည့်အတိုင်း မြင်ရကြားရသောကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြလေ၏။
၂၁။ ထို့နောက် ရှစ်ရက်မြောက်သောနေ့တွင် သူငယ်တော်ကို အရေဖျားလှီးခြင်းမင်္ဂလာပေးသောအခါ အမိဝမ်း၌ ပဋိသန္ဓေ မစွဲမီကပင် ကောင်းကင်တမန်တော်က ပေးထားသည့် ယေဇူးအမည်ဖြင့် သူ့ကိုမှည့်ခေါ် ကြ၏။
“ပုခက်လွဲသောမိခင်၏လက်သည် ကမ္ဘာကိုလွှမ်းမိုးနိုင်သည်” ဟူသော ဆိုရိုးစကားအတိုင်း မိခင်ဖြစ်သူများသည် မိမိ၏ ကမ္ဘာဖြစ်လာမည့်ရင်သွေးငယ်ကို မေတ္တာထားပြုစုစောင့်ရှောက်ကာ လောကလူ့ဘောင်တွင် လမ်းမှန်ရောက်စေရန် ပို့ဆောင်ပေးရမည်သာဖြစ်ပေသည်။
မိမိ၏အသွေးအသားဆန္ဒကြောင့်သာ အိမ်ထောင်သည်ဘဝ သို့မဟုတ် ယင်းကိုအချစ်ဟုထင်မှတ်ကာ သာယာမှုများ၌ စည်းလွန်ကြ၍ ဖြစ်တည်ရှင်သန်လာသောရင်သွေးငယ်ကို ဖျက်ချခြင်း၊ တားမြစ်ခြင်း၊ မွေးဖွားလာပါက စွန့်ပစ်ခြင်း စသဖြင့် အပြစ်ကိုအပြစ်မှန်းမသိတော့သည်အထိ ဩတ္တပ္ပစိတ်ကင်းမဲ့သည့် လူမဆန်သောအပြုအမူများကြောင့် လူမှုဝန်းကျင်ကို အရောင်ဆိုးညစ်ထေးစေသည့် အမှုကိစ္စများသည် ကျွန်ုပ်တို့အသိုင်းအဝိုင်းတွင် များစွာရှိနေခြင်းများသည်လည်း လွန်စွာဝမ်းနည်းဖွယ်ဖြစ်နေပါသည်။
ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် မယ်တော်မာရိယာသည် သားတော်ဘုရားနှင့် ပတ်သက်၍ ဖြစ်ပျက်သမျှနှင့် ကြားနာရသမျှသော အကြာင်းအရာအားလုံးစုံကို နှလုံးသွင်းလျက်ရှိသည့်အကြောင်း နှုတ်မြွက်ထားပါသည်။
လူ့လောကတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာမည့်ရင်သွေးငယ်များအတွက် ကြွယ်ဝသောကောင်းကြီးကျေးဇူး တော်ကို ဘုရားရှင်သွန်းလောင်းပေးတော်မူပြီးဖြစ်ပါသည်။
မိမိတို့ရင်မှဖြစ်သော သားသမီးများ၏ ကြီးပြင်းလာရာ ခရီးတစ်လျှောက်တွင် မိဘများမှအဖော်ပြုပေးလျက်ရှိရာ သားသမီးများမှ မင်္ဂလာတရားနှင့် ကောင်းကြီးတော်များဖြင့် ရှင်သန်ခံစားကြီးပြင်းလာနိုင်စေရန်မှာ မိဘများတွင် များစွာတာဝန်ရှိလေသည်။
ဤခက်ခဲလှသည့် အခြေအနေများ၌ ရင်သွေးငယ်ကို ဝမ်းနှင့်လွယ်ရသည့်မိခင်၊ ပွေ့ပိုက်ရသည့်သားသည်မိခင်များနှင့် ကလေးငယ်များအတွက် အလွန်ပင်အဆင်မပြေမှုများ၊ စိတ်ခံစားမှုဒဏ်ရာများ ရရှိကြပေမည်ဖြစ်သည်။
ယနေ့ကဲ့သို့ အရာရာပျက်စီးဆုံးရှုံးရမှုများ၌ ဘေးလွတ်ရာတွင် ယာယီတဲခိုနေရာများတည်ဆောက်ကာ စုပေါင်းနေထိုင်ကြရသော အချိန်အခါများတွင် မိမိတို့၏ရင်သွေးငယ်များကို အထူးဂရုစိုက်မှုပေးရမည်ဖြစ်သည်။
ရပ်တန့်သွားရသော ကလေးသူငယ်များ၏ပညာရေးကြောင့် ဘေးကင်းဟန်ရှိသောနေရာဒေသများမှ သားသမီးများ နှင့်ရှိနေသည့် မိဘများအနေဖြင့် ရင်သွေးငယ်များ၏အချိန်နာရီကို တန်ဘိုးရှိစေရန် စီစဉ်ပေးရန်လိုအပ်ပေသည်။
ဒဏ်ရာများနှင့်ကျွန်ုပ်တို့သည်လည်း ဒဏ်ရာရဆေးသမားများဖြစ်ကြသောကြောင့် အချင်းချင်းဖေးမကူညီခြင်းဖြင့် ကျန်ရှိသေးသည့် ရှင်သန်ခြင်းနေ့ရက်တာများကို တန်ဘိုးရှိစေကြပါစို့။
သားတော်ဘုရား၏ကယ်တင်ခြင်းခရီးလမ်းတွင် ယုံကြည်ခြင်းနှင့်အတူ ဖြစ်ပျက်သမျှကိုနှလုံးသွင်းလျက် အဆုံးတိုင် ပါဝင်အဖေါ်ပြုသော မိခင်မယ်တော်မာရိယာ၏အောင်မြင်ခြင်းကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့အတွက် သမိုင်းသစ်ကိုရေးသားပေးမည့် ကျွန်ုပ်တို့၏ရင်သွေးငယ်များအတွက် မြတ်ဘုရားရှင်ထံဆုတောင်းပေးရင်း ယုံကြည်ခြင်းဖြင့် အဖေါ်ပြုပေးကြပါစို့။
“အိုမြတ်ဘုရားရှင်မယ်တော်မာရိယာ မကောင်းဆိုးဝါးနတ်မိစ္ဆာများကိုခြေဖြင့်နင်းခြေတော်မူ၍ ငရဲသို့နှင်ချပေးတော်မူပါ။ အမေ၏ဝတ်လုံတော်အောက်၌ သားသမီးတို့ကိုလုံခြုံစွာ လွှမ်းခြုံပေးတော်မူပါ။”
Sr.ထရေးဇားမြင့်မြင့်နိုင် (I.S.R)