“အကြောင်းမူကား သင်သည် ဘုရားသခင်၏ အရေးပေးခြင်းကို ခံရလေပြီ။”ကက်သလစ်ဘာသာရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ ကျင်းပတဲ့ မယ်တော်ပွဲ သုံးပွဲထဲမှာ ဒီကနေ့ကျရောက်တဲ့ ဂွါတာလုပေမယ်တော်ပွဲလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နှစ်စဉ် ဆိုင်ရာနိုင်ငံတွေမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတဲ့ မယ်တော်ပွဲတွေ ဒီနှစ်တော့ ကိုဗစ်-၁၉ (Covid-19) ကပ်ရောဂါကြောင့် မကျင်းပနိုင်လို့ ဘာသာသူများ ဝမ်းနည်းကြပါတယ်။ တကယ်တော့ ဝမ်းနည်းစရာ မဟုတ်ပါဘူး။ မယ်တော်ဟာ သားသမီးတွေနဲ့အနီးအပါးမှာရှိတော်မူတဲ့ မယ်တော်ဖြစ်တယ်။ အရေးအကြောင်းရှိတဲ့အခါ၊ အကူအညီလိုတဲ့အခါ အမြဲကြားဝင် ဖြန်ဖြေပေးတတ်တဲ့ မယ်တော်ဖြစ်တယ်။ ကက်သလစ်သာသနာတော်က တရားဝင်အသိအမှတ်ပြု ကျင်းပတဲ့ မယ်တော်ပွဲအပြင်၊ နိုင်ငံအလိုက်၊ ဒေသအလိုက် ကျင်းပတဲ့မယ်တော်ပွဲလည်း အများအပြားရှိပါတယ်။ မြန်မာနိုင်ငံမှာဆို တစ်ပြည်လုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ ညောင်လေးပင်မယ်တော်ပွဲ ရှိသလို၊ သာသနာအလိုက် ကျင်းပတဲ့ပွဲတော်လည်း သာသနာတိုင်းမှာ ရှိနေပါတယ်။ ဒီလိုပွဲတွေ ကျင်းပရခြင်းဟာ မယ်တော်ကို ဒေသအလိုက် သဒ္ဓါကြည်ညိုကြတဲ့ သားသမီးများ ရှိနေကြလို့ ဖြစ်ပါတယ်။ သဒ္ဓါကြည်ညိုရအောင်လည်း မယ်တော်ဟာ အခွင့်အခါသင့်တိုင်း သားသမီးတွေကို ရူပါရုံပြလေ့ ရှိပါတယ်။ အသင်းတော်ရဲ့ ရာဇဝင်ထဲမှာသာမက ဒီကနေ့ထိ မိမိတို့ သဒ္ဓါကြည်ညိုခြင်း ကြီးရင်ကြီးသလို ကြားဝင်ကူညီပေးလေ့ ရှိနေပါတယ်။ “သားစဉ်မြေးဆက် မင်္ဂလာရှိသောသူ” အမှန်အကန်ဖြစ်ကြောင်း မယ်တော်ရဲ့ ရူပါရုံအားဖြင့် သိရပါတယ်။ ကောင်းကင်တမန်တော် ကိုယ်တော်တိုင်“မကြောက်ရွံ့လေနှင့်၊ အကြောင်းမူကား သင်သည် ဘုရားသခင်၏ အရေးပေးခြင်းကို ခံရလေပြီ။”လို့ မိန့်မြွက်ခြင်းကို ကြည့်ခြင်းအားဖြင့် မယ်တော်ဆီကတစ်ဆင့် အရေးပေးခြင်း သားသမီးတွေလည်း ရရှိနိုင်ပါတယ်။ ဒီဖက်နှစ်တွေမှာ မြန်မာနိုင်ငံမှာလည်း ဂွါတာလုပေမယ်တော်အကြောင်း သိရှိလာတယ်၊ အားကိုးအားထား သဒ္ဓါကြည်ညိုကြတဲ့ ဘာသာတူတွေ တစ်စတစ်စ များလာတာ တွေ့ရပါတယ်။ လုဒ်မယ်တော်၊ ဖာတီမာမယ်တော်၊ ဂွါတာလုပေမယ်တော်ရယ်လို့ ခွဲခြားဖို့ မဟုတ်ပေမဲ့ မယ်တော်ဟာ ရိုးသားတဲ့သူ၊ အတွင်းစိတ်ဖြူစင်တဲ့သူ၊ ဘုရားကိုချစ်ကြောက် ရိုသေတတ်တဲ့သူတွေကို အရေးပေးတတ်ကြောင်း သူမဖော်ပြတဲ့ ရူပါရုံအားဖြင့် သိနိုင်ပါတယ်။ ရဟန္တာ- ဂျူအန်ဒီယေဂို (St. Juan Diego) ကို အရေးပေး ကိုယ်ထင်ရှားပြသလို၊ ကျွန်ုပ်တို့ဘဝမှာလည်း မယ်တော်နဲ့ အမြဲနီးစပ် ထိတွေ့နိုင်ဖို့ နှလုံးသားတွေ ဖြူစင်ကြပါစို့။ ဘုရားချစ်တဲ့ မယ်တော်ချစ်တဲ့ သားသမီး ဖြစ်အောင် ကြိုးစားကြပါစို့။
Fr.လှအောင်(ကတ)