ဇန္နဝါရီလ (၃) ရက် (တနင်္လာနေ့)
ရှင်မာတေးဦး (၄ : ၁၂ - ၁၇၊ ၂၃ - ၂၅)
Sr.ထရီဇားမုဏ်း
Posted by Sr. Benedetta Myat Hnin Nwe(I.S.R.)
၁၂။ ယောဟန်ဖမ်းဆီးချုပ်နှောင်ခံရကြောင်းကို ယေဇူးသည် ကြားတော်မူလျှင် ဂါလေလေးယနယ်သို့ ပြန်ကြွသွားတော်မူ၏။- ၁၃။ ကိုယ်တော်သည် နာဇရက်မြို့မှထွက်ခွာ၍ ဇေဘုလွမ်နှင့် နက်ဖတာလီနယ်စပ်၊ ပင်လယ်ကမ်းခြေတွင်ရှိသော ကာဖာနာအုမ်မြို့သို့သွား၍ သီတင်းသုံးတော်မူ၏။- ၁၄။ ဤအကြောင်းအရာသည်ကား ပရောဖက်အီဇာယ၏ဟောထားချက် ပြည့်စုံစေ ရန်ဖြစ်သတည်း။- ၁၅။ ဟောထားချက်မူကား ဇေဘုလွမ်နှင့် နက်ဖတာလီနယ်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်၌လည်းကောင်း၊ ဂျော်ဒန် မြစ်တစ်ဖက်ကမ်း၌လည်းကောင်း လူမျိုးခြားတို့နေထိုင်ရာဂါလေလေးယနယ်၌လည်းကောင်း၊- ၁၆။ မှောင်မိုက်တွင် ရှိနေကြသောလူတို့သည် ကြီးစွာသောအလင်းကို မြင်ကြရပြီ။ သေမင်းနိုင်ငံ၏အရိပ်တွင်နေထိုင်ကြသောသူတို့အပေါ်သို့ အလင်းတော်ပေါ်ထွန်းလေပြီဟူ၍ဖြစ်သတည်း။- ၁၇။ ထိုအချိန်မှစ၍ ယေဇူးက နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် နီးလာပြီဟုမိန့်ဆိုလျက် တရားတော်ကို စတင်ဟော ကြားတော်မူလေ၏။ ၂၃။ ကိုယ်တော်သည် ဂါလေလေးယနယ်တစ်ခွင်လုံးသို့လှည့်လည်ကာ သူတို့၏တရားဇရပ်များ၌ ဆုံးမသွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သောဧဝံဂေလိသတင်းကောင်းကို ဟောပြော၍ လူတို့တွင်စွဲကပ်နေသောအနာ ရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။- ၂၄။ ကိုယ်တော်၏သတင်းတော်သည် ဆီးရိယပြည်တစ်ပြည်လုံးသို့ပျံ့နှံ့ကျော်စောသဖြင့် လူတို့သည် အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူရှိသမျှနှင့် နတ်ဆိုးစီးသူများ၊ ဝက်ရူးနာစွဲသူများ၊ လက်ခြေသေသူများကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူတို့ကို ရောဂါပျောက်ကင်းစေတော်မူ၏။- ၂၅။ ထိုအခါ ဂါလေလေးယနှင့် ဒေကာပိုလစ်နယ်၊ ဂျေရုဆလင်မြို့၊ ဂျူဒေးယပြည်နှင့် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းမှ များစွာသော လူအစုအဝေးတို့သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။လုံခြုံသည့်အိမ်တစ်လုံးရရှိရန်အတွက် သာမန်လူတန်းစားများအနေဖြင့် လုံ့လဝိရိယရှိစွာ အလုပ်လုပ်ပြီး ငွေကြေးဉစ္စာချွေတာစုဆောင်းပြီးမှသာလျင် မိမိတို့လိုချင်၊ နေချင်သည့် အိမ်ကြီးအိမ်ကောင်းဆောက်နိုင်ပေမည်။ အခြေခိုင်စေရန်အတွက် အုတ်မြစ်ချပြီးမှသာ တဖြည်းဖြည်းနှင့်ရုပ်လုံးပေါ်ပြီး နေချင့်စဖွယ်အိမ်တစ်လုံး ဖြစ်တည်နိုင်လာမည်ဖြစ်သည်။တည်ဆောက်လက်စတွင် အခြားသောအကြောင်းအရာများ၊ စိတ်အပန်းဖြေရာများဖြင့် အာရုံလွဲသွားပါလျင် ရည်ရွယ်ရာအိမ်ကြီးသည် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားပါက အများ၏ကဲ့ရဲ့ဝေဖန်ခြင်းနှင့်အတူ စိတ်ဓါတ်ကျ စိတ်ပျက်ခြင်းများဖြင့် ဘဝသည် ဆန်ကုန်မြေလေးဖြစ်သွားနိုင်ပေသည်။ဤလောကတွင် လူသားတစ်ဦးအဖြစ် လူဖြစ်ခွင့်ရသောကျွန်ုပ်တို့သည် ဘုရားရှင်ကိုယုံကြည်ကိုးကွယ်ခွင့်ကိုရကြသော ယုံကြည်သူဘုရားသားသမီးဖြစ်ကြပါသည်။ကျွန်ုပ်တို့၏ဘဝအသက်တာသည် ဤလောကတွင် ဆောင်ရွက်ရမည့်အမှုကိစ္စပြီးသောအခါ သေဆုံးသွားကြရ၍ နောင်ဘဝ၌ ထာဝရသုခချမ်းသာဟုခေါ်သည့် ကောင်းကင်နိုင်ငံတော်တွင်စံစားရမည့်အကြောင်းကို ကျွန်ုပ်တို့သိရှိပြီး ဖြစ်ပါသည်။ကျွန်ုပ်တို့မျော်လင့်တောင့်တသည့် သာယာသောရွှေပြည်တော်ကြီးတွင် အနာရောဂါကင်း၍ ဝမ်းနည်းပူဆွေးနေသော ကျွန်ုပ်တို့၏မျက်ရည်များကိုသုတ်ပေးသည့်နေရာ၊ နှစ်သိမ့်မှုနှင့် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ကောင်းသည့်နေရာ၊ လိုအင်ဆန္ဒများပြည့်ဝကာ ချစ်ခြင်းသည်သာ အုပ်စိုးကြီးစိုးသည့်နေရာ စသောကျေနပ်နှစ်သက်ဖွယ်ဖြစ်သည့်နေရာဖြစ်နေမည်ဖြစ်သည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ကျွန်ုပ်တို့နှင့်နီးလာပြီဖြစ်သော ကောင်းကင်နိုင်ငံ တော်အတွက် နောင်တရကြရန်နှင့် နိုင်ငံတော်နှင့်ဆိုင်သည့်သတင်းကောင်းကြေငြာခြင်းနှင့်အတူ လူတို့၌စွဲနေသော အနာရောဂါအမျိုးမျိုးကို ကိုယ်တော်ရှင်ကုသပျောက်ကင်းစေတော်မူသည့်အကြောင်း နှုတ်မြွက်ထားပါသည်။အိမ်ကြီးအိမ်ကောင်းနှင့်နေနိုင်ရန် အခြေခံအုတ်မြစ်မှစ၍ ဂရုစိုက်ရသကဲ့သို့ တာဝန်ယူ တာဝန်ခံတတ်သော လူကြီးလူ ကောင်းများဖြစ်ရန် အမိဝမ်းထဲကနှင့် ကလေးသူငယ်ဘဝကတည်းကပင် ပြုစုပျိုးထောင်သွားကြရပေသည်။ဘုရားရှင်၏သားသမီးဖြစ်စေရန်နှင့်နိုင်ငံတော်သားပီသစေရန် အပြစ်အတွက် နောင်တယူ၍ မိမိ၌အနာရောဂါစွဲကပ်လျက်ရှိနေကြောင်းကို သိမှတ်ကာ ကိုယ်တော်ရှင်၏တတ်နိုင်တော်မူခြင်းကို ယုံကြည်လျက် အရှုံးပေးအပ်နှံကုသခြင်းခံမှသာလျင် ကိုယ်တော်ရှင်၏ဘုန်းတော်သည် ပို၍ထင်ရှားလာကာ သေမင်း၏အရိပ်တွင်ထိုင်နေကြသော သူများအပေါ် အလင်းတော်ပေါ်ထွန်း ထွန်းလင်းလာမည် ဖြစ်သည်။
"အိုသခင်... ကျွန်ုပ်တို့ကို သနားတော်မူပါ။"