၃၄။ကိုယ်တော်သည် ကမ်းပေါ်သို့တက်သောအခါ များစွာသောလူ အစုအဝေးကိုမြင်သဖြင့် သူတို့အပေါ်၌ ကရုဏာသက်တော်မူ၏။အကြောင်းမူကား သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်နေကြသောကြောင့်တည်း။ကိုယ်တော်သည်လည်း သူတို့အား များစွာသောအကြောင်းအရာများကို စတင်သွန်သင်တော်မူ၏။၃၅။ညနေစောင်းသောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ဤအရပ်သည် လူသူကင်းဝေးသောအရပ်ဖြစ်ပါ၏၊ အချိန်လည်းနှောင်းပါပြီ၊၃၆။လူတို့သည် အနီးအနားရှိ ကျေးရွာများသို့သွားကြ၍ မိမိတို့ကိုယ်တိုင်အတွက် စားစရာ တစ်စုံတစ်ခုဝယ်ယူနိုင်ရန် သူတို့ကို စေလွှတ်တော်မူပါဟုလျှောက်ကြ၏။၃၇။သို့သော် ကိုယ်တော်က ထိုသူတို့ အားစားစရာတစ်စုံတစ်ခုကို သင်တို့ပေးကြလော့ဟု သူတို့အား မိန့်တော်မူ၏။ ထိုအခါ သူတို့က တပည့်တော်တို့သည်သွား၍ ဒေနာရီနှစ်ရာဖိုးရှိသောပေါင်မုန့်ကိုဝယ်ပြီး ဤသူတို့စားရန် ပေးရပါမည်လောဟု မေးလျှောက်ကြ ၏။၃၈။ကိုယ်တော်ကလည်း သင်တို့၌ ပေါင်မုန့်မည်မျှရှိသနည်း။ သွား၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ သူတို့သည်သွား၍ ကြည့်ကြပြီးမှ ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိပါသည်ဟုလျှောက်ကြလေ၏။၃၉။ထိုအခါ ကိုယ်တော်က လူအားလုံးကို မြက်ခင်းစိမ်းပေါ်တွင် အစုလိုက်ထိုင်ခိုင်းစေရန် တပည့်တော်တို့အား အမိန့်ပေး တော်မူ၏။၄၀။ထိုသူတို့သည်လည်း အစုလိုက် တစ်ရာစီ၊ ငါးဆယ်စီထိုင်ကြလေ၏။၄၁။ကိုယ်တော်သည် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့မျှော်ကြည့်လျက် ကောင်းချီးပေးတော်မူ၏။ ထို့နောက် ပေါင်မုန့်များကိုဖဲ့၍ တပည့်တော်တို့အား ပေးလျက် လူတို့ရှေ့၌တည်ခင်းစေတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် ငါးနှစ်ကောင်ကိုလည်း သူတို့အားလုံးအား ခွဲဝေပေးတော်မူ၏။၄၂။လူအပေါင်းတို့သည်လည်း စား၍ ၀ကြလေ၏။၄၃။ထို့နောက် တပည့်တော်တို့သည် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရ ကြ၏။၄၄။ပေါင်မုန့်ကိုစားကြသောသူတို့မှာ ယောက်ျားဦးရေ ငါးထောင်ခန့်ရှိသတည်း။စာပေသင်တန်းတစ်ခုတွင် ကဗျာဆရာတစ်ယောက်မှ လူတစ်ဦးကို သင်ကြား၍မရသောအရာသုံးမျိုးရှိကြောင်း ၎င်းမှာ ချစ်ခြင်း၊ ရက်ရောခြင်းနှင့် ကဗျာရေးစပ်သီကုံးခြင်းတို့ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါသည်။အကြောင်းမှာ ယင်းတို့သည် နှလုံးအတွင်းမှအလိုလိုခံစားဖြစ်တည်မှသာလျင် ဖေါ်ကျူးနိုင်သည်ဟုဆိုခဲ့ပါသည်။ထိုကဗျာဆရာ၏အယူအဆသည် ကျွန်ုပ်ကိုလွှမ်းမိုးနေသကဲ့သို့ဖြစ်နေပါသည်။ လူတစ်ဦးကိုချစ်ရန် မခိုင်းစေနိုင်သကဲ့ သို့ ရက်ရောသောစေတနာစိတ်ရှိနေစေရန်လည်း အမိန့်ပေးနိုင်မည်မဟုတ်ပါ။ထိုနည်းအတူ စိတ်အတွင်းမှခံစားရသောအရာများကို နှုတ်ဖြင့်ထုတ်ဖေါ်ပြောကြားရသည်ပင် အဆင်မချောတတ်ပေရာ စာဖြင့်ရေးကုံးရန်လည်း ခက်ခဲမှုများရှိကောင်းရှိနေပေမည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ခရစ်တော်သခင်၏ကယ်တင်ခြင်းသတင်းကောင်း ဟောကြားခြင်း၌ နှစ်မြောလျက် စားသောက်ရန်ပင်မေ့လျော့သွားကြသော များစွာသောလူအစုအဝေးကို ကျွေးမွေးနိုင်ရန်အတွက် ခရစ်တော်သခင်မှ သူတို့၌ရှိသောအရာများကို သွားရောက်ကြည့်စေရာတွင် ကလေးတစ်ယောက်၏ ရက်ရောသော မုန့်ငါးလုံးနှင့်ငါးနှစ်ကောင် ပေးကမ်းမှုကြောင့် ထိုအရာများဖြင့် ကျွေးမွေးစေရာ ကြွင်းကျန်သောမုန့် အကျိုးအပဲ့များကိုသိမ်းရာ တစ်ဆယ့်နှစ်တောင်း အပြည့်ရသည့်အကြောင်း နှုတ်မြွက်ထားပါသည်။ယနေ့ဘေးလွတ်ရာအရပ်သို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ကြသော များစွာသောလူအစုအဝေးတွင်ပါဝင်သော ကျွန်ုပ်တို့နှင့် အခြားရက်ရောသဒ္ဓါကြည်ဖြူကြသည့်သူအပေါင်းတို့သည့် ကျွန်ုပ်တို့၏ဖြစ်တည်မှု၊ ကျွန်ုပ်တို့တွင်ရှိသော ကျေးဇူးတော်များကို နှမျောတွန့်တိုခြင်းမရှိဘဲ ရက်ရောစွာပေးဆက်ကြပါလျင် မည်မျှပင်ခက်ခဲပင်ပန်းခြင်းများနှင့် ကြုံတွေ့နေရပါစေ ချစ်ခြင်းနှင့်ပြည့်ဝသည့် ကောင်းကင်နိုင်ငံတော်သည် ကျွန်ုပ်တို့အလယ်တွင် တည်ရှိနေပြီးဖြစ်ပေသည်။ထူထဲစွာမှောင်မိုက်နေသည့် လက်ရှိအဖြစ်အပျက် အခြေအနေများတွင် ငိုကြွေးညည်းတွားနေရင်း အလင်းရောင်ဖြာသည့်အနာဂတ်နေ့ရက်များကို စိုးမိုးပိုင်ဆိုင်နိုင်ရန်အတွက် မိမိကိုယ်ကိုယ်ကိုပင် စွန့်လွတ်ကြသောလူငယ်များ၊ မိမိ၏ရင်နင့်သည်းချာကို နှလုံးအကျိုးပဲ့ခံလျက် ပေးဆက်နေကြရသည့်မိဘတို့၏ကြေကွဲနာကျင်မှုများနှင့် ကျွန်ုပ်တို့၏ကမ္ဘာသည် အကျည်းတန်လွန်းလှပေသည်။ကျွန်ုပ်တို့တွင် ကျွန်ုပ်တို့အားကိုးယုံကြည်မြတ်နိုးရာ ဘုရားသခင်သာလျင် အရာရာဖြစ်သောကြောင့် အရှင်ထံနေ့ညမ ပြတ်အော်ဟစ်တောင်းလျှောက်ပြီး တစ်ဦးနှင့်တစ်ဦးဖေးမကူညီပေးကြခြင်း၊ ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းဖြင့် သာတူညီမျှကာ ပိုမိုလှပအလင်းထွန်းသောအနာဂတ်ခရီးသို့ အတူလက်တွဲချီတက်သွားကြပါစို့။
"အိုသခင် ကိုယ်တော့်ကိုယုံကြည်ပါ၏။ အလိုတော်အတိုင်းဖြစ်ပါစေသော်။”