“ငါအလိုရှိသည်ကား ဂရုဏာသနားခြင်းဖြစ်၏”အာဒ်ဝင်တူးကာလ နှလုံးသား ပြင်ဆင်ခြင်းဟာလည်း တစ်ဖြည်းဖြည်းနဲ့ တတိယအပတ်ထဲ ရောက်ရှိလာပါပြီ။ လူသားတွေ သတ်မှတ်တဲ့ အချိန်ကာလသာ ပြောင်းလဲကောင်း ပြောင်းလဲမယ်။ ဘုရားသခင် လူသားအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ လူသားတွေကို ပေးတဲ့တရားသဘောဟာ မပြောင်းလဲပါဘူး။ ဘုရားသခင် တကယ်အလိုရှိတာက ကရုဏာသနားခြင်း တစ်နည်းအားဖြင့် ချစ်ခြင်းမေတ္တာတရားသာ အဓိကဖြစ်ပါတယ်။ ရှင်ယာကုပ် သြဝါဒစာထဲမှာလည်း “ညီအစ်ကိုတို့ စစ်ကြောစီရင်ခြင်းမခံရစေရန် သင်တို့အချင်းချင်း အပြစ်တင်ငြင်းခုံခြင်းကိုမပြုကြနှင့်။” လို့ ဆုံးမထားပါတယ်။ မျက်မှောက်ခေတ်မှာ ခတ်သစ်ဖါရီဇေဦးတွေလည်း အများအပြား တွေ့ရပါတယ်။တရားစစ်ရဲ့အနက်ကို နားလည်ဖို့ ကြိုးစားခြင်းထက် အပေါ်ယံတွေကိုသာ အသည်းအသန် လိုက်နေကြတဲ့ လူတွေတစ်ပုံ တစ်ပင်ကြီးဘဲ။ သခင်ခရစ်တော်ခေတ်ကနေ ဒီကနေ့အထိ လူတွေဟာ မျိုးဆက်သာ ပြောင်း သွားတယ်၊ စရိုက်တွေကတော့ တူနေကြဆဲပါ။ တစ်ခါတစ်လေ မိမိကိုယ်တိုင်လည်း ဖါရီဇေဦးလမ်းစဉ်ကို ထပ်လျှောက်မိတဲ့ အချိန်လည်း မနည်းတော့ပါဘူး။သာမညကို အဓိကလုပ်ပြီး အဓိကကိုကျတော့ သာမညပဲ မှတ်ယူလိုက်ပြန်တာတွေပါ။ ဥပဒေဆိုတာကြီးကို ဘုရားအမှတ်လုပ်ပြီး သနားညှာတာခြင်းကတော့ ရှာမှရှားဖြစ်ကြရတဲ့အခိုက်အတန့်တွေ မနည်းတော့ပါဘူး။ ဥပုသ်နေ့ဆိုတာ သန့်ရှင်းသောနေ့၊ အလုပ်နား အနားယူရတဲ့နေ့ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဥပုသ်နေ့မှာ ကုသိုလ်ရှာတတ်ရပါမယ်။ လူသားအကျိုးပြု လုပ်ငန်းတွေလုပ်လို့ရတယ်ဆိုတာ ခရစ်တော်ကိုယ်တိုင် အလုပ်နဲ့သက်သေပြနေတာကို သင်ခန်းစာမယူတတ်ဘူး ဆိုရင် ဒို့တွေဟာလည်း ဥပုသ်နေ့အနက်ကိုကောင်းကောင်း နားမလည်သေးပါဘူး။ ဒါကြောင့် ကက်သလစ် ဘာသာဝင်တွေဟာ ဥပုသ်နေ့မှာ အလုပ်နားရုံသက်သက် မဟုတ်ဘဲနဲ့ ဘုရားကျောင်းကန်သွားခြင်း၊ လူနာတွေ၊ လိုအပ်နေသူတွေထံ အလည်အပတ်သွားပြီး ကူညီဆုတောင်းပးခြင်း၊ ဘုရားစကားသင်ယူခြင်း စတာတွေ ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။ ဒါတွေဟာ ခရစ်တော်သွန်သင်တဲ့ ကရုဏာသနားခြင်း အလုပ်တွေဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်တော်လိုချင်တဲ့ သနားကရုဏာလုပ်ငန်းကို ကြိုးစားအားထုတ်ရင်း ဒီအာဒ်ဝင်တူးကာလ လက်ကျန်ရက်တွေကို တန်ဖိုးရှိရှိ ဖြတ်သန်းနိုင်ဖို့ တိုက်တွန်းအားပေးပါရစေ။
Fr.လှအောင်(ကတ)