၂၂။ ထို့နောက် ယေဇူးသည် တပည့်တော်တို့နှင့်အတူ ဂျူဒေးယနယ်သို့ကြွသွားပြီးလျှင် ထိုအရပ်၌ သူတို့နှင့် အတူနေလျက် ဆေးကြောခြင်းကို ပေးတော်မူ၏။၂၃။ယောဟန်သည်လည်း ဆာလင်မြို့အနီး၊ ဧနွန်အရပ်၌ ဆေးကြောခြင်းကို ပေးလျက်ရှိ၏။အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ ရေများစွာရှိသောကြောင့်ဖြစ်၏။လူတို့သည်လည်း လာကြ၍ ဆေးကြောခြင်းခံကြ၏။၂၄။အကြောင်းမူကား ယောဟန်သည် ထောင်သွင်းအကျဉ်းချထားခြင်း မခံရသေးပေ။၂၅။ထိုအချိန်၌ ယောဟန်၏တပည့်များနှင့် ဂျူးလူမျိုးတစ်ဦးသည် စင်ကြယ်စေခြင်းနှင့်စပ်လျဉ်း၍ အငြင်းအခုံဖြစ်ကြ၏။၂၆။ထိုအခါ သူတို့သည် ယောဟန်ထံသို့လာကြလျက် ရာဘီ၊ ကိုယ်တော်နှင့်အတူ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ ရှိခဲ့ဖူး၍ ကိုယ်တော် သက်သေခံခဲ့သောသူသည် ယခုဆေးကြောခြင်းကို ပေးလျက်ရှိသဖြင့် လူအပေါင်းတို့သည် သူ့ထံသို့ သွားကြ ပါသည်ဟု လျှောက်ကြလေ၏။၂၇။ယောဟန်ကလည်း ကောင်းကင်မှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရရှိနိုင်။၂၈။ငါသည် ခရစ်တော်မဟုတ်၊ သို့သော် ကိုယ်တော်၏ရှေ့၌ ကြိုတင်စေလွှတ်ခြင်းခံရသောသူ ဖြစ်သည်ဟု ငါဆိုခဲ့ကြောင်း သင်တို့ကိုယ်တိုင်ပင်သက်သေခံကြ၏။၂၉။မင်္ဂလာဆောင် သတို့သမီးကို ပိုင်ဆိုင်သောသူသည် မင်္ဂလာဆောင် သတို့သားဖြစ်၏။ အနီးတွင်ရပ်နေလျက် သတို့သား၏ အသံကိုကြားသော သတို့သား၏ မိတ်ဆွေသည်ကား သူ၏အသံကြောင့် လွန်စွာပင်ဝမ်းမြောက်လေ၏။ထို့ကြောင့် ငါ၏ ဝမ်းမြောက်ခြင်းသည် ယခုပြည့်စုံခြင်းသို့ ရောက်လေပြီ။၃၀။ကိုယ်တော်သည်တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်။ရှင်ယောဟန်ဘတ္တဇံ၏စိတ်ထားအတိုင်း ကျွန်ုပ်တို့တွင်မျိုးဆက်တိုင်းတွင် ရှိကြပါမူ ကမ္ဘာကြီးသည် လွန်စွာတိုးတက် ကာနေချင့်စဖွယ် ဖြစ်လာကြပေမည်။ကောင်းကင်နိုင်ငံတော်၏အရသာကို ဤကမ္ဘာမြေပေါ်တွင် တွေ့ကြုံခံစားရရှိရန် ဘုရားရှင်က ကျွန်ုပ်တို့မြည်းစမ်းခွင့်ရ ရန် ပြင်ဆင်ထားပြီးဖြစ်ပေသည်။ကြောက်ရွံ့ခြင်းကိုအဖေါ်ပြုကာ ရေလိုက် ငါးလိုက်နေထိုင်လာခဲ့ခြင်း၏သက်တမ်းတစ်ခု၏ အချိုးအကွေ့ အပြောင်း အလဲတွင် ခက်ခဲကြမ်းတမ်းခြင်းတို့တွင် တစ်ဘက်ကမ်းသို့ရောက်ရန် မိမိတို့ကိုယ်ကို တံတားထိုး၍ ပေးဆက်ခင်းပေးသောသူများကြောင့် ကျွန်ုပ်တို့ခရီးအတော်ပေါက်နေပြီးဖြစ်ပါသည်။ရှင်ယောဟန်ကဲ့သို့ နောက်မျိုးဆက်တိုးတက်ရန်အတွက် ကောက်သောလမ်းကိုဖြောင့်၊ တောင်ကြီးများကိုဖြို၊ ချိုင့်ဝှမ်း များကိုဖို့သော ယနေ့ကျွန်ုပ်တို့၏မျိုးဆက်ကို ကျွန်ုပ်တို့အားပေးကူညီရပ်တည်ပေးရပေမည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် လူအပေါင်းတို့အား ကယ်တင်ခြင်းသတင်းကောင်း ဟောကြားခြင်းကို ယောဟန်နည်းတူ ဆေးကြောခြင်းပေးခြင်းဖြင့် အစပြုခဲ့သော ခရစ်တော်သခင်နှင့်ပတ်သက်၍ ယောဟန်၏တပည့်များမေးသောအခါ မင်္ဂလာဆောင်သတို့သားသည်သာ သတို့သမီးကိုပိုင်ဆိုင်ရမည်ဖြစ်ပြီး ကိုယ်တော်မူကား တိုးတက်ရမည်ဖြစ်ကာ အရံဖြစ်သောမိမိသည် ဆုတ်ယုတ်ရမည်ဖြစ်ကြောင်း နှုတ်မြွက်ထားပါသည်။ယနေ့ကျွန်ုပ်တို့ကြုံတွေ့နေရသော ခက်ခဲပင်ပန်းဆင်းရဲခြင်းများတွင် ရှိသောအတ္တ၊ လောဘ၊ မနာလိုခြင်းများကို လောင်ကျွမ်းစေလျက် မျိုးဆက်သစ်များအတွက် နေရာပေးလက်ဆင့်ကမ်းကြပါစို့။
"အိုသခင် ကျွန်ုပ်တို့ပြည်နယ်ကို ကိုယ်တော်၏လက်တော်သို့ အပ်နှံပါ၏။"