၁၅။ လူတို့သည်ကား မျှော်လင့်တကြီးစောင့်စားနေကြသည်ဖြစ်၍ ယောဟန်သည် ခရစ်တော်ဖြစ်မည်လောဟု မိမိတို့၏ စိတ်နှလုံးတွင် အသီးသီး တွေးတောဆင်ခြင်လျက်ရှိကြ၏။၁၆။ထိုအခါ ယောဟန်က ငါသည် သင်တို့ကို ရေဖြင့်ဆေးကြော၏။ငါ့ထက်ကြီးမြတ်သောသူသည် ကြွလာလိမ့်မည်။သူ၏ ခြေနင်းတော်ကြိုးကိုမျှဖြေခြင်းငှာ ငါမထိုက်တန်။ သူသည် သင်တို့ကို ဝိညာဉ်တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့် လည်းကောင်း ဆေးကြောတော်မူလိမ့်မည်။၂၁။လူအပေါင်းတို့သည် ဆေးကြောခြင်းခံယူကြပြီးသောအခါ ယေဇူးသည်လည်း ဆေးကြောခြင်းကိုခံယူ၍ ဆုတောင်းတော်မူစဉ် ကောင်းကင်သည်ပွင့်လာပြီး၊၂၂။ဝိညာဉ်တော်မြတ်သည် ချိုးငှက်သဏ္ဌာန်ဖြင့် ကိုယ်တော့်အပေါ်သို့ ဆင်းသက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ အသံထွက်ပေါ်လာသည်ကား သင်သည် ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟူ၍ဖြစ်လေ၏။ဘုရားရှင်၏အဆုံးမဲ့သောချစ်ခြင်းဖြင့် ဖန်ဆင်းခံရသော အရာသတ္တဝါခပ်သိမ်းသည် အပြန်အလှန် အမှီသဟဲပြုသော ချစ်ခြင်းမေတ္တာကို တောင့်တလိုချင်ကြပါသည်။ကျွန်ုပ်တို့နှင့်ဖန်ဆင်းရှင်ဘုရားသခင်၊ ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့အချင်းချင်း၊ ကျွန်ုပ်တို့နှင့်သဘာဝတရား၊ ကျွန်ုပ်တို့နှင့် သတ္တဝါများ အစရှိသောအရာများဖြင့် ချစ်ခြင်းကွန်ယက်ကို ဖြန့်ကျက်နိုင်ပါလျင် ကမ္ဘာလောကကြီးသည် မည်မျှသာယာလှပလိမ့်မည်နည်း။နတ်ဆိုး၏မလိုခြင်းကြောင့် အပြစ်တရားသည် ဤလောကသို့ဝင်ရောက်လာကာ အပြန်အလှန်ဆက်နွယ်ပတ်သက်မှုများသည် ကမောက်ကမဖြစ်ခဲ့ရလေသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ဘုရားနှင့်လူအကြား ပြန်လည်သင့်မြတ်စေရန် လူ့အဖြစ်ယူသည့်ဘုရားသားတော်ခရစ်တော်သခင်သည် ရှင်ယောဟန်ထံဆေးကြောခြင်းခံယူပြီး ဆုတောင်းတော်မူသောအခါ ကောင်းကင်သည်ပွင့်လာပြီး ဖခမည်းတော်ဘုရားမှ ဤသူသည်ငါနှစ်သက်မြတ်နိုးရာ ချစ်သားဖြစ်ကြောင်း သက်သေခံသည့်အကြောင်း နှုတ်မြွက်ထားပါသည်။ကိုယ်ချစ်ကိုလိုချင်၍ သူ၏အလိုအတိုင်းစိတ်တိုင်းကျနေထိုင်ပါက မိမိသည်သာအကျဉ်းကျကာ နှလုံးသားသည် သူ့အတွက်သာ ခုန်လှုပ်နေရသည့် သက်မဲ့ပမာဖြစ်နေရပေမည်။သူချစ်ကိုရရှိခြင်းကြောင့် စိတ်တိုင်းကျဆိုးနွဲ့ခွင့်ရပြီး အခွင့်အရေးယူပါက တဘက်သတ်ဆန်သည့်အတ္တအချစ်သည် ကြာရှည်လာလျင် ပျော်ရွှင်မှုများ နိုင်ပါဦးမည်လော။အပြန်အလှန် နားလည်မှုနှင့်တည်ဆောက်ထားသောအချစ်တွင် အရှိကိုအရှိအတိုင်း ရိုးစင်းစွာနေထိုင်၍ လက်ခံစာနာပေးနိုင်သောအချစ်သည်သာလျင် စစ်မှန်သောအချစ်၊ ရေရှည်ခံသောအချစ်ဖြစ်ပေမည်။ကျွန်ုပ်တို့ယုံကြည်ကိုးကွယ်သော ဘုရားရှင်နှင့် ကျွန်ုပ်တို့၏ချစ်ခရီးလမ်းသည် အသက်ထက်ဆုံးထက်ပိုသော ထာဝရအချစ်ခရီးဖြစ်ပေမည်။အပြစ်၏အကျိုးဆက်ကို ပေးဆက်နေရသော ယနေ့အချိန်၊ လူနည်းစုမျိုးဆက်ကို ဖျက်ဆီးနေသော ယနေ့အချိန်၊ ကိုယ်တော်ရှင်၏ခန္ဓာတော်ဖြစ်သော ကျွန်ုပ်တို့ကို ပျောက်ကွယ်စေရန် စီရင်ခြင်းခံနေရသော ယနေ့အချိန်တို့တွင် ကျွန်ုပ်တို့မည်သူထံအော်ဟစ်အကူအညီတောင်းရမည်နည်း။နာကျည်းခါးသီးမှုဒဏ်ကို ပြင်းစွာမည်သို့ခံစားနိုင်ပါမည်နည်း။ခမည်းတော်၏ချစ်မြတ်နိုးခြင်းခံရသော ကျွန်ုပ်တို့သခင်၏နောက်လိုက်များဖြစ်သော ကျွန်ုပ်တို့ ခန္ဓာစတေးခံရင်း ပေးဆက်နေရသော ယနေ့အချိန်အခါတွင် လူကိုအားကိုးခြင်းထက် ဘုရားထံအဆက်မပြတ် အော်ဟစ်အားကိုးအကူအညီတောင်းကြပါစို့။