၄၀။ ထိုအခါ အနာကြီးရောဂါစွဲကပ်နေသောသူတစ်ဦးသည် အထံတော်သို့လာ၍ ကိုယ်တော်၏ရှေ့တော်၌ ဒူးထောက်လျက် ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကိုသန့်ရှင်းစင်ကြယ်စေနိုင်ပါသည်ဟု တောင်းပန်လျှောက်ထားလေ၏။၄၁။ ယေဇူးသည် ထိုသူ့အပေါ် ကရုဏာသက်တော်မူသဖြင့် မိမိ၏လက်တော်ကိုဆန့်၍ သူ့ကိုတို့ထိလျက် ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက် စေဟုမိန့်တော်မူလျှင်၊၄၂။ ချက်ချင်းပင် ထိုသူ၌ အနာကြီးရောဂါပျောက်ကင်း၍ သူသည် စင်ကြယ်သွားလေ၏။၄၃။ ထိုအခါ ကိုယ်တော်သည် မဆိုင်းမတွပင် သူ့ကိုအဝေးသို့ လွှတ်လျက် ကြပ်တည်းစွာမိန့်မှာသည်ကား၊၄၄။ သင်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောမိစေရန် သတိပြုလော့။ သို့သော် လူတို့ရှေ့တွင် သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားသည့်အတိုင်း သွား၍ သင့်ကိုယ်ကို ရဟန်းအား ပြသကာ သင်၏ပျောက်ကင်းစင်ကြယ်ခြင်းအတွက် ပူဇော်သကာကိုဆက်ကပ်လော့ဟု မိန့်တော်မူ၏။၄၅။ ထိုသူသည်ကား ထွက်သွားပြီးလျှင် ဤအကြောင်းကို လူသိရှင်ကြား စတင်ကြေညာ၍ သတင်းတော်ကိုပျံ့နှံ့စေလေ၏။ ထို့ကြောင့် ယေဇူးသည် မည်သည့်မြို့တွင်းကိုမျှ ထင်ရှားစွာမဝင်နိုင်တော့ဘဲ လူသူကင်းဝေးရာမြို့ပြင်အရပ်တွင်သာနေသဖြင့် လူတို့သည်လည်း အရပ်ရပ်မှ နေ၍ ကိုယ်တော်၏အထံတော်သို့ လာကြကုန်၏။
သူတစ်ပါး၏အမြင်တွင် မိမိသည် ဟန်ဆောင်မှုမရှိသူ၊ မိမိကိုသူတစ်ပါးကြည့်လျင် ဖန်ခွက်ထဲမှရေကို ကြည်လင်စွာ မြင်ရသကဲ့သို့ ရိုးစင်းပွင့်လင်းသူဟူ၍ မည်မျှပင်ဆိုစေကာမူ ကျွန်ုပ်တို့တစ်ဦးစီတွင် လူသိမခံဝံ့သည့်ရောဂါ သို့မဟုတ် အားနည်းချက် တစ်ခုခုရှိတတ်ကြပါသည်။ ၎င်းကို လူမသိစေရန် အကြောင်းအမျိုးမျိုးဖန်၍ သိုဝှက်ထားတတ်ခြင်းများ ရှိကောင်းရှိတတ်ကြပေမည်။သို့သော် မိမိ၏ကောင်းမြတ်သောထူးခြားချက်တစ်ခုခု သို့မဟုတ် အများကမျော်လင့်ထားသော အောင်မြင်မှုတစ်ခုခုရရှိပါလျင်၊ ကြားသိရပါလျင် ဂုဏ်ယူပြောဆိုဝါကြွားချင်ကြသည်မှာ ကျွန်ုပ်တို့လူသားများ၏သဘာဝပင်ဖြစ်ပါသည်။တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဝါကြွားတတ်ခြင်း၊ ဂုဏ်ဖေါ်တတ်ခြင်းတို့သည် ကျွန်ုပ်တို့၏ဘက်တော်သား၊ ကျွန်ုပ်တို့နှင့် စိတ်တူ ဝါသနာတူများဖြစ်ပါလျင် အားလုံးအတွက်ဂုဏ်ယူဝမ်းမြောက်စရာဖြစ်နေပေမည်။သို့သော် ကောင်းမြတ်သည့် ဓမ္မတရားသည်ပင် ချစ်သူရှိသည်သာမက မုန်းသူ၊ မလိုသူများလည်းရှိနေပေရာ ကျွန်ုပ်တို့အတွက် ဝမ်းမြောက်စရာများသည် ကျွန်ုပ်တို့တစ်ဘက်ခြမ်းတွင်ရှိနေသောသူများအတွက် မနာလိုမုန်းတီးစရာများ ဖျက်လိုဖျက်စီးပြုလုပ်ချင်စရာများဖြစ်နေတတ်ကြပေမည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် အနာကြီးရောဂါသည်တစ်ဦးသည် ခရစ်တော် သခင်ထံမှ ကုသပျောက်ကင်းခြင်းကိုခံစားရသောအခါ ထိုဝမ်းမြောက်ဂုဏ်ယူသတင်းတော်ကို မကြားပြောရလျင် သက်သေမခံရလျင် မနေနိုင်ခြင်းကြောင့် လူသိရှင်ကြားဖြစ်သွားရကာ ခရစ်တော်သခင်မှ မြို့တွင်းသို့ထင်ရှားစွာမဝင်နိုင်တော့သည့်အကြောင်း နှုတ်မြွက်ထားပါသည်။ယနေ့ဆိုးဝါးသည့် ဖိနှိပ်ခံရခြင်းမှ ပြိုင်တူရုန်းကာ လွတ်မြောက်သည့်လမ်းကိုရွေးရာတွင်င်ကျွန်ုပ်တို့ ပေးဆက်ရသည့် အရာများသည် ကြီးမားလွန်းလှပေသည်။ ဆုံးရှုံးရသောအရာများ ပြန်မရနိုင်ခြင်းအတွက် ယူကျုံးမရဖွယ် ဖြစ်ရပေသည်။သို့သော် ကျွန်ုပ်တို့မျိုးဆက်၏အနာဂတ်သည် ထွန်းတောက်လှပခြင်းကိုခံစားရစေရန်အတွက် ကြီးမားသောပေးဆက်မှုကို ရင်းနေခြင်းဖြစ်ပေသည်။သို့ဖြစ်၍ ကျွန်ုပ်တို့မြတ်နိုးတန်ဘိုးထားသောသူများ အဆင်ပြေစေရန်အတွက် လျို့ဝှက်သင့်သည့်အရာများ၊ နှုတ်စောင့်စည်းသင့်သည့်အရာများကို ထိန်းစောင့်ရသကဲ့သို့ ဘုရားရှင်ထံမှခံစားရရှိသော ထူးခြားသည့်ကူညီစောင်မ ခံရခြင်း၊ အောင်မြင်ခြင်းများအတွက် ကျွန်ုပ်တို့ကြေငြာ သက်သေခံကြရပေမည်။သမ္မာတရားရှင် ခရစ်တော်သခင်သည် လူ့မြင်ကွင်းတွင် ထင်ရှားစွာမဝင်နိုင်သော်လည်း အရပ်ရပ်ရှိလူတို့သည် လူသူကင်းဝေးရာမြို့ပြင်တွင်ရှိသော ဘုရားရှင်ရှိသည့်အရပ်ကို သိအောင်ပြုကာ အရောက်လာ၍ တရားနာယူကြသကဲ့သို့ အမှန်တရားသည် မည်မျှပင်တိတ်ဆိတ်စွာနေဟန်၊ ပျောက်ကွယ်နေဟန်ရှိစေကာမူ ရအောင်ပြန်လည်ရှာဖွေရ ယူသော ဓမ္မချစ်သူများကြောင့် ကျွန်ုပ်တို့ဝန်းကျင်တွင် ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သည်။
Daily Reflection