၁။ ရက်အနည်းငယ်ကြာသောအခါ ကိုယ်တော်သည် ကာဖာနာအုမ်မြို့သို့ ပြန်ကြွလာတော်မူသဖြင့် ကိုယ်တော်သည် အိမ်၌ရှိ ကြောင်းကို လူတို့ကြား သိကြလေ၏။၂။ ထိုအခါ များစွာသောလူတို့သည် စုရုံးလာကြသောကြောင့် အိမ်တံခါးအပြင်၌ပင် နေရာမရှိတော့ချေ။ ကိုယ်တော်သည် လည်း ထိုသူတို့အား နှုတ်တော် ထွက်စကားကို ဟောပြောတော်မူ၏။၃။ ထိုအခါ လူတို့သည် လေဖြတ်နေသောသူတစ်ဦးကို လူလေးယောက်ဖြင့်ထမ်း၍ အထံတော်သို့ဆောင်ယူခဲ့ကြ၏။၄။သူတို့သည်လည်း လူအစုအဝေးကြောင့် အထံတော်သို့မချဉ်းကပ်နိုင်ကြသဖြင့် ကိုယ်တော်၏အထက် မှအိမ်ခေါင်မိုးကို ဖောက်ပြီးလျှင် လေဖြတ်သောသူလဲ လျောင်းနေသည့်အိပ်ရာကို လျှောချကြလေ၏။၅။ယေဇူးသည်လည်း သူတို့၏ယုံကြည်ခြင်းကို မြင်တော်မူလျှင် လေဖြတ်နေသောသူအား ငါ့သား၊ သင်၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရလေပြီဟု မိန့်တော်မူ၏။၆။ထိုနေရာတွင် ထိုင်နေကြသောကျမ်းတတ်ဆရာအချို့တို့က၊ အဘယ်ကြောင့် ဤသူသည် ထိုကဲ့သို့ပြောဆိုရသနည်း၊ ဤစကားသည် ဘုရားသခင်ကို ထိခိုက်ပြောဆိုခြင်းဖြစ်၏၊ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကို ခွင့်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌တွေးတောကြ၏။၈။ယေဇူးသည်လည်း ထိုသူတို့၏စိတ်ထဲ၌ ဤသို့ တွေးတောနေကြသည်ကို မိမိ၏စိတ်တော်ဖြင့် ချက်ချင်းပင်သိတော်မူသဖြင့် သင်တို့သည် အဘယ်ကြောင့် စိတ်ထဲ၌ ဤသို့တွေးတောကြသနည်း။၉လေဖြတ်သောသူအား မည်သည့်စကားကိုပြောဆိုရန် သာ၍လွယ်ကူသနည်း။သင်၏အပြစ်များမှာ ခွင့်လွှတ်ခြင်းခံရလေပြီ ဟုဆိုခြင်းလော၊ သို့မဟုတ် ထလော့၊ သင်၏အိပ်ရာကိုယူ၍ လျှောက်လှမ်းသွားလော့ဟုဆိုခြင်းလော။၁၀။ သို့သော် လူသားသည် ဤလောကတွင် အပြစ်များကိုခွင့်လွှတ်ပိုင်သောအာဏာရှိကြောင်း သင်တို့သိစေရန်ဖြစ်သည်ဟုဆိုလျက် လေဖြတ်သောသူအား၊၁၁။ သင့်အား ငါဆိုသည်ကား ထလော့၊ သင့်အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။၁၂။ထိုအခါ သူသည်လည်း ထ၍ အိပ်ရာကို ချက်ချင်းယူပြီးလျှင် လူအပေါင်းတို့ရှေ့၌ပင် ထွက်ခွာသွားသဖြင့် သူတို့သည်လည်း အံ့ဩကြလျက် ငါတို့သည် ဤ ကဲ့သို့ တစ်ကြိမ်တစ်ခါမျှမမြင်ဖူးပါတကားဟုဆိုကြ၍ ဘုရားသခင်၏ဘုန်းဂုဏ်တော် ကိုချီးမွမ်းကြ၏။
✍✍✍✍✍✍✍✍✍✍✍✍✍
ကျွန်ုပ်တို့လူသားများအတွက် ခိုနားရန်၊ အိပ်စက်အနားယူရန်အတွက် အိမ်သည် မရှိမဖြစ်လိုအပ်ပါသည်။ကျွန်ုပ်တို့၏အိမ်သည် ကျွန်ုပ်တို့၏တတ်နိုင်စွမ်းကိုဖေါ်ပြနေသည်မှာ မှန်သင့်သလောက်မှန်သော်လည်း မည်မျှပင် ဆင်းရဲနုံချာနေပါစေ၊ မည်မျှပင်အိမ်ခေါင်မိုးပေါက်၍ အကာအရံမရှိဖြစ်နေပါစေ ကျွန်ုပ်တို့ကိုယ်ပိုင်အရိပ်အမဖြစ်နေ သောကြောင့် စိတ်နှလုံး၏ အေးချမ်းလုံခြုံမှုကို ပေးနိုင်စွမ်းရှိသောအရာဖြစ်နေပေသည်။အကြောင်းအမျိုးမျိုးကြောင့် အဝေးရောက်နေပါလျင်လည်း ကျွန်ုပ်တို့၏အိမ်ကိုလွမ်းဆွတ်တမ်းတကာ အပြေးလေး ပြန်ရောက်ချင်မိကြသည်မှာ မိသားစုကိုချစ်သော မွေးရပ်မြေကိုချစ်သော အမှန်တရားကိုမြတ်နိုးသော၊ လူသား ဆန်သော ကျွန်ုပ်တို့တစ်ဦးစီတွင် ရှိနေကြမည်မှာ အမှန်ပင်ဖြစ်ပေသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ခရစ်တော်သခင်သည် ကာဖာနာအုမ်မြို့သို့ ပြန်ကြွ လာကာ အိမ်၌ရှိနေသည့်အကြောင်းကို လူတို့သည်ကြားကြသောအခါ ကိုယ်တော်ရှင်ထံစုရုံးရောက်ရှိလာသည်မှာ အိမ်တံခါးအပြင်၌ပင် ခြေချစရာနေရာပင်မရှိတော့သည်အထိ ဖြစ်သည့်အကြောင်းနှင့် ခရစ်တော်သခင်ဘုရားရှင်မှ ထိုသူတို့အား နှုတ်တော်မှထွက်သောစကားကို ဟောပြောတော်မူသည့်အကြောင်း နှုတ်မြွက်ထားပါသည်။သေမင်းတမန် နတ်ဆိုး၏လက်မှ လွတ်မြောက်လိုသည့်ဆန္ဒ၊ ဘုရားရှင်ကိုတောင့်တဆာငတ်သည့်အာသီသ၊ နာမကျန်းဖြစ်နေသည့် လူသားတစ်ဦးမှ ပြန်လည်လိုချင်သည့် ကျန်းမာခြင်းဆုလာဘ်၊ သမ္မာတရားသည်သာကြီးစိုးရာ ဖြစ်စေလိုသောကြောင့် အရာရာစွန့်ချန်ထားကာ ကိုယ်တော်ရှင်ရှေ့မှောက် ကိုယ်တော်ရှိရာအိမ်သို့ ရောက်လာခြင်းဖြစ်ပေသည်။ယနေ့ပျောက်ကွယ်သွားသော အမှန်တရားကိုပြန်လည်ရယူနိုင်ရန်အတွက် အရာရာစွန့်လွတ်ပေးဆပ်ပြီး တိုက်ယူနေကြသောကျွန်ုတို့ ပေးဆက်ရင်းရသည်မှာ ဘဝတစ်ခုလုံးမက များပြားလွန်းလှပေသည်။ကျွန်ုပ်တို့ချစ်မြတ်နိုးလှသော၊ ကျွန်ုပ်တို့မိသားစုကို နွေးထွေးလုံခြုံမှုပေးသော၊ ကျွန်ုပ်တို့၏နှလုံးသားဖြစ်သော အိမ်ကို စွန့်ချန်ထားရသည်အထိ မလိုသူများ၏ဘေးရန်မှ ကင်းဝေးစေရန် စွန့်ထားခဲ့ရပါသည်။ကျွန်ုပ်တို့၏နှလုံးသား၊ ကျွန်ုပ်တို့၏ဘဝဖြစ်သောအိမ်ကို စာနာတရားမရှိသော လူ့ခန္ဓာနှင့်နတ်မိစ္ဆာများကြောင့် ပြာကျ ပျက်စီးခဲ့ရပါသည်။ တောမီးလောင်သည်ကို လက်ခမောင်းခတ်သော တောကြောင်များကြောင့်လည်း ပျောက်ဆုံး ပျက်စီးခဲ့ကြရပြန်ပါသည်။နောက်ဆုံးခရီးဖြစ်သည့် ကျွန်ုပ်တို့ခန္ဓာ၏အိမ်သေဆုံးခြင်းတွင် မြေမြုပ်ရမည့်နေရာကိုပင် ကျွန်ုပ်တို့ရွေးချယ်ခွင့်မရသည်အထိ အိမ်ကိုကျွန်ုပ်တို့သံယောဇဉ်ဖြတ်နေရပါသည်။သင်္ခါရဖြစ်သော မြေကြီးပေါ်မှအရာများကို တပ်မက်စွဲလမ်းခြင်းမရှိစေရန်အတွက် ဤအဖြစ်အပျက် အခြေအနေများက ကျွန်ုပ်တို့ကို သင်ခန်းစာများပေးလျက်ရှိနေပါသည်။ထာဝရတည်သည့်အိမ်ကိုစိုးပိုင်သော ကယ်တင်ရှင်ကိုတောင့်တဆာမွတ်စွာရှာဖွေလျက် ကိုယ်တော်ရှင်ထံစုရုံးလာကြပါစို့။လူသားတစ်ဦးအဖြစ် ရှင်သန်ခွင့်ရသည့်အသက်တာတွင် လူသားဆန်စွာနေထိုင်ခွင့်ရရန်အတွက် ကျွန်ုပ်တို့၏အပြစ်များ ခွင့်လွတ်ခြင်းရရန် ခွင့်တောင်းပန်ရင်း ကျွန်ုပ်တို့လူနည်းစုကိုဖိနှိပ်ချုပ်ချယ်သည့် မကောင်းဆိုးဝါးနတ်မိစ္ဆာများကို ကိုယ်တော်ရှင်အမြန်ဆုံးနှင်ထုတ်တော်မူပါမည့်အကြောင်း ကိုယ်တော်ရှင်ထံ ဝပ်တွားကာ တောင်းဆုပြုကြပါစို့။
“အိုသခင် ကိုယ်တော်ရှင်၏ဘုန်းတော်ဂုဏ်တော်ကိုကျွန်ုပ်ချီးမွမ်းပါ၏။ အရာရာသည် ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်ပါစေသော်။”