ဇန်နဝါရီလ (၁၆) ရက်
ဒုတိယသာမန် တနင်္ဂနွေနေ့
ရှင်ယောဟန် (၂ : ၁ - ၁၁)
Sr.Theresa (ISR)
၁။ သုံးရက်မြောက်သောနေ့တွင် ဂါလေလေးယနယ်၊ ကာနာမြို့၌ လက်ထပ်ပွဲတစ်ခုကျင်းပပြီး ယေဇူး၏မယ်တော်သည်လည်း ထိုနေရာ၌ရှိ၏။-
၂။ ယေဇူးနှင့်အတူ တပည့်တော်တို့သည်လည်း ထိုလက်ထပ်ပွဲသို့ ဖိတ်ကြားခြင်းခံကြရ၏။-
၃။ ထိုအချိန်၌ စပျစ်ရည်ကုန်သွားသောကြောင့် ယေဇူး၏မယ်တော်က သူတို့တွင် စပျစ်ရည်မရှိဟု ကိုယ်တော်အား ပြောလေ၏။-
၄။ ယေဇူးကလည်း အချင်းအမျိုးသမီး၊ သင်သည် အကျွန်ုပ်နှင့် မည်သို့သက်ဆိုင်ပါသနည်း။ အကျွန်ုပ်၏အချိန် မရောက်သေး ဟု သူမအား မိန့်တော်မူ၏။-
၅။ ကိုယ်တော်၏မယ်တော်ကလည်း သူစေခိုင်းသမျှကို ပြုလုပ်ကြလော့ဟု အစေခံတို့အား မှာထားလေ၏။-
၆။ ထိုနေရာ၌ ဂျူးလူမျိုးတို့၏ဘာသာရေး ဝိနည်းအရ စင်ကြယ်ခြင်းအမှုပြုရာတွင် အသုံးပြုသော ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်ဝင်သည့် ကျောက်ရေအိုးကြီး ခြောက်လုံးရှိ၏။-
၇။ ယေဇူးက အိုးများကို ရေဖြည့်ကြလော့ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ၎င်းအိုးတို့ကို နှုတ်ခမ်းတိုင်အောင် ရေဖြည့်ကြ၏။-
၈။ ထို့နောက် ယေဇူးက ယခုအနည်းငယ်ခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့ဟု သူတို့အား မိန့်တော်မူသဖြင့် သူတို့သည် ယူသွားကြလေ၏။-
၉။ ပွဲအုပ်သည်လည်း စပျစ်ရည်ဖြစ်ပြီးသောရေကို မြည်းစမ်းကြည့်သောအခါ ရေခပ်လာခဲ့သောအစေခံတို့သည် ယင်းအား အဘယ်ကရခဲ့သည်ကိုသိကြသော်လည်း ပွဲအုပ်မှာမူ မသိသောကြောင့် မင်္ဂလာဆောင်သတို့ သားကိုခေါ် ပြီးလျှင်၊-
၁၀။ လူတိုင်းသည် ကောင်းသောစပျစ်ရည်ကို ဦးစွာတည်ခင်း၍ လူတို့၀အောင်သောက်ကြပြီးမှ စပျစ်ရည်အညံ့ကို တည်ခင်း လေ့ရှိကြ၏။ သင်မူကား ယခုအချိန်တိုင်အောင် ကောင်းသောစပျစ်ရည်ကို သိမ်းထားလေပြီတကားဟု ဆိုလေ၏။-
၁၁။ မိမိ၏ တန်ခိုးလက္ခဏာများတွင် ပထမဆုံးဖြစ်သော ဤတန်ခိုးလက္ခဏာကို ယေဇူးသည် ဂါလေလေးယနယ်၊ ကာနာမြို့၌ ပြလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်၌ ယုံကြည်ကြလေ၏။
● ဖြစ်ခြင်း၊ ပျက်ခြင်းများနှင့် မတည်မြဲသည်သင်္ခါရလောက၏ တရားများ၌ စီးမျောပါကာ ကမ္ဘာကုန်ဆုံးနေသကဲ့သို့ ခံစားနေရပါက လူဖြစ်ခြင်း၊ ဘုရားရှင်၏ယုံကြည်သူသားသမီးဖြစ်ရခြင်းသည် အချည်းနှီးသက်သက်ဖြစ်နေပေလိမ့်မည်။
● အကြောင်းမူကား ကျွန်ုပ်တို့၏ဘုရားသည် မနေ့၊ ယနေ၊ နောင်ကာလအစဥ်အမြဲတည်သောဘုရားဖြစ်သောကြောင့်ဖြစ်သည်။
● လက်ရှိကျွန်ုပ်တို့ဆုံးရှုံးရသော အရာရာသည် အတိတ်၏အပြစ်ကြွေးကိုဆေးကြောရန်အတွက် ဖြစ်နေပေရာ သာ၍ကောင်းသောအနာဂတ်ကို ဘုရားရှင်ပြင်ဆင်လမ်းခင်းပေးခြင်းဖြစ်ပေသည်။
● ဆိုးရွားသည့်အဖြစ်အပျက်များနှင့် ထိတ်လန့်ကြောက်ရွံ့နေရသည့်ကျွန်ုပ်တို့အတွက် အရာရာသည် ရပ်တန့်၍မသွားပါ။ ဘုရားရှင်၏ချစ်ခြင်းကောင်းကြီးတော်သည် ကျွန်ုပ်တို့အပေါ် အစဥ်စီးဆင်းလျက်ရှိနေပါသည်။
● နေ့ရက်တာများ၏စိတ်ပျက်အားငယ်ဖွယ်ရာများ၌ မျော်လင့်ခြင်းရောင်ခြည်များဖြင့် အသက်ဆက် ရှင်သန်နေကြသည်။ ချစ်ခြင်းမေတ္တာအိမ်လေးများတည်ဆောက်ရာ၌ အကျဥ်းချုံးကျင်းပကြသည်။
● သန်းခေါင်ယံထက်ညဥ့်မနက်တော့သည့် အချိန်ကာလဝယ် အာရုံဦးအပိုင်းသို့ ကူးပြောင်းရောက်ရှိနေပြီးဖြစ်ရာ တောက်ပသည့်အလင်းရောင်ကိုမြင်နိုင်ရန်မှာ တက်ညီလက်ညီဖြင့် ဆက်လက်ရုန်းကြရန်သာလိုအပ်နေပေသည်။
● စိန်ဩဂတ်စတင်းမိန့်ဆိုသည်မှာ ဘုရားရှင်သည် ကျွန်ုပ်တို့၏အကူအညီမပါဘဲ ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့ပါသည်။ သို့သော်ကယ်တင်ခြင်းအတွက်မူ ကျွန်ုပ်တို့၏အကူအညီမပါဘဲ ကျွန်ုပ်တို့ကိုကယ်တင်မည်မဟုတ်ပေဟူ၍ဖြစ်ပါသည်။
● ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ကာနန်လက်ထပ်ပွဲ၌ ခရစ်တော်သခင်နှင့် တပည့်တော်များနှင့်အတူ မယ်တော်သည်လည်း ပါဝင်တက်ရောက်၍ မင်္ဂလာပွဲတွင်လိုအပ်နေသောအရာများအတွက် မယ်တော်၏ကြားဝင်တောင်းလျှောက်ပေးခြင်းဖြင့် အဆင်ပြေလှပသွားရသည့်အကြောင်း နှုတ်မြွက်ထားပါသည်။
● တောက်ပသောအနာဂတ်ကို ရရှိရန်အတွက် အသက်သေကြေရခြင်းနှင့်အတူ လောကပစ္စည်းဥစ္စာများပျက်စီးဆုံးရှုံးရခြင်းများဖြင့် ဘေးလွတ်ရာရှောင်တိမ်းနေရသော ကျွန်ုပ်တို့၏ဖြစ်စဥ်၊ ကျွန်ုပ်တို့၏ပွဲအခြေအနေသည် ရိက္ခာပြတ်လတ်ခြင်းများနှင့် ကြုံတွေ့နေရပါသည်။
● ကျွန်ုပ်တို့မည်သူ့ထံ အကူအညီတောင်းရမည်နည်း။
● ကျွန်ုပ်တို့ကို မယ်တော်မြင်တွေ့နေပါသည်။ ကျွန်ုပ်တို့အတွက် သားတော်ဘုရားထံတောင်းဆုပန်ပေးနေပါသည်။
● "သူစေခိုင်းသမျှကိုပြုကြပါ။"ဟူ၍လည်း ကျွန်ုပ်တို့ကို ပြောဆိုနေပါသည်။
● ဤခါးသီးမှုများမှ ကိုယ်တော်ရှင်အမြန်ဆုံးကယ်နှုတ်တော်မူပါမည့်အကြောင်း စိတ်နှလုံးတစ်လုံးတစ်ဝတည်းထားပြီး တောင်းဆုပြကြပါစို့။