“အိုထာဝရဘုရား ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အား ပြညွန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။”တစ်ခါတလေ ကျွန်ုပ်တို့ စက္ခုအာရုံဟာ အမှောင်အဝိဇ္ဇာဖုံးလွှမ်းနေရင် အမှန်အမှား၊ အဖြူအမည်း မသဲကွဲဘဲ ရှိနေတတ်ပါတယ်။ ဒီကနေ့တွေ့ရတဲ့ ရဟန်းအကြီးအကဲနဲ့ သက်ကြီးဝါကြီးများလို ဘုရားမှန်းမသိ၊ တရားမှန်းမသိ ဖြစ်နေရင် အဲဒါသေချာပါတယ်။ ယုံကြည်ခြင်း စက္ခုအာရုံ ချွတ်ယွင်းနေလို့ပါဘဲ။ ဒါဆိုရင် ဆာလံဆရာလို ကျေးဇူးတော် တောင်းခံတတ်ဖို့ လိုနေပါပြီ။ ရဟန်းအကြီးအကဲများဟာ မိမိတို့ကိုယ်မိမိကိုတော့ ဆရာ့ဆရာကြီး ဟန်လုပ်ပြီး ဘုရားရဲ့ သားတော်ကိုကြတော့ “သင်သည် ဤအရာများကို မည်သည့်အခွင့်အာဏာနှင့် ပြုသနည်း။ ထိုအခွင့်အာဏာကို သင့်အား မည်သူပေးအပ်ပါသနည်း။”လို့ မေးမြန်းခြင်းဟာ ကလေးတွေ လူကြီးကို လူကြီးမှန်းမသိဘဲ အရိုအသေ ပေးရကောင်းမှန်းမသိ ဖြစ်နေတဲ့ကလေးတွေနဲ့ တူပါတယ်။ ခရစ်တော် ဘုရားရှင်ဟာ ဗိမာန်တော်မှာ သွန်သင်နေကတည်းက ဘုရားရဲ့ အခွင့်အာဏာနဲ့သွန်သင်နေတာကို သိသင့်ပါတယ်။ သိရက်သားနဲ့ အကဲစမ်းတဲ့ သဘောလည်း သက်ရောက်ပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ သက်တော်စဉ်မှာ အခုလို ကျမ်းတတ်ဆရာတွေ၊ ဖါရီဇေဦးတွေနဲ့ အကြိမ်ကြိမ်အခါခါ ပက်ပင်းတိုးတဲ့အချိန်တွေ သမ္မာကျမ်းစာမှာတွေ့ရပါတယ်။ ဒီလို အကြပ်အတည်းချိန်မှာ ပညာသားပါပါနဲ့ ဖြေရှင်းတဲ့အခိုက်အတန့်လည်း အများကြီး တွေ့ခဲ့ပါတယ်။ ဒီကနေ့လဲ ထောင်ချောက်ဆင်တဲ့မးခွန်းကို ပညာရှိနည်းနဲ့ ပြန်လည်မေးမြန်းခဲ့ရတဲ့အခါ ရဟန်းအကြီးအကဲများ ဆွံ့အသွားခဲ့ရပါတယ်။ ဘုရားရဲ့ရွှေဉာဏ်တော်နဲ့ နှိုင်းယှဉ်ရင် လူဉာဏ်ဟောင်းစရာ နတ္တိပါ။ ၀ိညာဉ်အသက်တာမှာ ထာဝရဘုရားရဲ့လမ်းတော်ကို ရှင်းရှင်းမြင်တတ်ဖို့ အရေးကြီးပါတယ်။ ဘုရားရဲ့သွန်သင်ချက်နဲ့ အညီလျှောက်လှမ်းမှ အသက်တာကိုမြင်ရမှာပါ။ တစ်ခါတလေ ဘဝမှာ မိမိကိုယ်တိုင် အဖြေရှာမရတဲ့ အခြေအနေနဲ့ ပက်ပင်းတိုးရင် ဘုရားကို စိတ်ဆိုးမာန်ဆိုး အဖြေတောင်းတတ်ကြပါတယ်။ ဒီအခြေအနေတွေ ဘာကြောင့် ငါ့ကိုမှ၊ ငါ့မိသားစုမှ၊ ငါချစ်တဲ့သူကိုမှ လာဖြစ်ရတာလဲလို့ ဘုရားကို အမှုစစ်သလို စစ်တတ်ကြပါတယ်။ အဲဒီလိုချိန်မှာ ၀ိညာဉ်လမ်းပြပေးဖို့ ကျေးဇူးတော် တောင်းခံတတ်ဖို့ လိုပါတယ်။ “အိုထာဝရဘုရား ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အား ပြညွန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။”
Fr.လှအောင်(ကတ)