ဇန်နဝါရီလ(၁၇)ရက်(တနင်္လာနေ့)
ရှင်မာကု(၂:၁၈-၂၂)
Sr.Theresa(ISR)
၁၈။ထိုအချိန်တွင်ယောဟန်၏တပည့်များနှင့်ဖာရီဇေးဦးတို့သည် အစာရှောင်လျက်ရှိကြ၏။ လူတို့သည်လည်း ကိုယ်တော့်ထံသို့လာ၍ အဘယ်ကြောင့် ယောဟန်၏တပည့်များနှင့် ဖာရီဇေးဦးတို့သည် အစာရှောင်ကြပြီး ကိုယ်တော်၏တပည့်တို့မူကား အစာမရှောင်ကြပါသနည်းဟုမေးလျှောက်ကြ၏။၁၉။ ထိုအခါ ယေဇူးက မင်္ဂလာဆောင်ပွဲသို့လာကြသောသူတို့သည် မိမိတို့နှင့်အတူ သတို့သားရှိနေချိန်တွင် အစာရှောင်နိုင်ကြပါမည်လော။ သူတို့သည် မိမိတို့နှင့်အတူမင်္ဂလာဆောင်သတို့သားရှိနေသမျှကာလပတ်လုံး အစာမရှောင်နိုင်ကြပေ။၂၀။သို့သော် မင်္ဂလာဆောင်သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် ထိုနေ့တွင် အစာရှောင်ကြလိမ့်မည်။၂၁။မည်သူမျှ အဝတ်ဟောင်းကို ပိတ်စသစ်နှင့် ဖာထေးလေ့မရှိ။ ထိုသို့ပြုလျှင် ပိတ်စအသစ်သည် အဝတ်ဟောင်းမှရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ကျယ်လာတတ်၏။၂၂။ထို့ပြင် မည်သူမျှ စပျစ်ရည်သစ်ကို သားရေဘူးဟောင်းအတွင်းထည့်လေ့မရှိ။ ထည့်ခဲ့ပါလျှင် စပျစ်ရည်သစ်သည် သားရေဘူးများကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်၍ သားရေဘူးများလည်း ပျက်စီးလိမ့်မည်။ စပျစ်ရည်သစ်ကို သားရေဘူးသစ်များ၌သာထည့်ရ၏ဟု သူတို့အားမိန့်တော်မူ၏။ & & & & & & & & & & & & & & & & & & &ဘဝသည်လုံခြုံစိတ်ချရသည့်အခြေအနေများ၌သူငယ်ချင်း၊မိသားစုစုံလင်စွာနှင့်အမှတ်တရနေ့များ၊ပွဲနေ့များကိုအခမ်းအနားများနှင့်မကျင်းပနိုင်လျင်ပင်တတ်နိုင်သည့်နည်းလမ်းများဖြင့်ချစ်ခြင်းမေတ္တာကိုဖေါ်ပြခြင်း၊အသိအမှတ်ပြုခြင်းများကိုကျင်းပပြုလုပ်တတ်ကြပေမည်။ထိုသို့သောအခါများတွင်ဘဝသည်အေးချမ်းသာယာနေသောကြောင့်အခက်အခဲကြုံတွေ့နေသူများကိုသနားသည့်စိတ်ဖြစ်ပေါ်မည်သာဖြစ်ပြီးစာနာတတ်သည့်စိတ်ထားခံစားမှုများအနည်းငယ်နည်းပါးပေလိမ့်မည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ခရစ်တော်သခင်မှမိမိ၏နောက်လိုက်ယုံကြည်သူများသည်သူနှင့်အတူရှိနေစဉ်ဓလေ့ထုံးစံကြောင့်အစာရှောင်ခြင်းထက်သူတို့ထံမှမိမိခေါ်ဆောင်ခြင်းခံရသောအခါတွင်သခင်ကိုတမ်းတရှာဖွေကာမိမိဆန္ဒအလျောက်အစာရှောင်ကြမည့်အကြောင်းနှင့်စနစ်သစ်အတွက်ပေးဆက်ရာ၌စနစ်ဟောင်းသည်ဒွန်တွဲ၍မလိုက်ပါနိုင်ကြောင်းကိုအဝတ်ဟောင်း၌အဝတ်သစ်ဖာထေး၍မရကြောင်းပုံဥပမာဖြင့်နှုတ်မြွက်ထားပါသည်။မတရားမှုများ၌သားကောင်ဖြစ်နေရသောကျွန်ုပ်တို့သည်မိမိတို့၏ဆွေစဉ်မျိုးဆက်အတွက်ရပိုင်ခွင့်ကိုတရားသောနည်းဖြင့်ရယူနေသောယနေ့ကျွန်ုပ်တို့၏အဖြစ်အပျက်အခြေအနေများသည်ခရစ်တော်သခင်ကိုကျွန်ုပ်တို့ထံပါးမှခေါ်ဆောင်သွားသကဲ့သို့တရားမျှတခြင်းနှင့်လူသားဆန်ခြင်းတို့သည်လုံးလုံးလျားလျားပျောက်ကွယ်သွားရသည်။ယုံကြည်သူကျွန်ုပ်တို့မည်သို့ပြုရမည်နည်း။လူသားဆန်သူမရှိခြင်းကြောင့်မဟုတ်ဘဲယုတ်မာသူလူတစ်စုကြောင့်အလှူအတန်းပစ္စည်းများသည်ကျွန်ုပ်တို့ထံမစီးဆင်းနိုင်သဖြင့်အစာရှောင်ရန်ပင်မလိုတော့လောက်အောင်ကျွန်ုပ်တို့ရိက္ခာပြတ်လတ်နေရပါသည်။ကျွန်ုပ်တို့ကိုမည်သည့်အခါမျှစွန့်ပစ်မည်မဟုတ်သည့်အပြင်ကျွန်ုပ်တို့နှင့်အစဉ်ရှိတော်မူသောဧမာနုအဲလ်ဘုရားရှင်ကျွန်ုပ်တို့၏သခင်သည်ဤဆိုးရွားသည့်အဖြစ်အပျက်အခြေအနေများမှကျွန်ုပ်တို့တွင်ဖြည့်ဆည်းရန်လိုအပ်နေသည့်ဘုရားရှင်သည်သာအရာရာဖြစ်သောယုံကြည်ခြင်းဖြစ်ကြောင်းသိမှတ်ဝန်ခံကြပါစို့။လူသားအချင်းချင်းဖေးမခွင့်လွတ်စာနာခြင်းအတူကျွန်ုပ်တို့၏ထာဝရရန်သူဖြစ်သောနတ်ဆိုးနှင့်၎င်းတို့၏လုပ်ငန်းများကိုသိမှတ်ပြီးတစ်သက်တာရှောင်ဖယ်နိုင်ရန်နှင့်ဘုရားရှင်၏စောင်မခြင်းများကိုအစဉ်သိမှတ်ကာကျွန်ုပ်တို့၏ထာဝရသတို့သားဖြစ်တော်မူသောခရစ်တော်သခင်ကိုနှလုံးအတွင်းမှချစ်မြတ်နိုးစွာပွေ့ဖက်ကြပါစို့။☆ “အိုသခင်ကိုယ်တော့်ကိုယုံကြည်ပါ၏။အလိုတော်သည်ပြည့်စုံပါစေသော်။” ☆