ဇန်နဝါရီလ(၁၈)ရက်(အင်္ဂါနေ့)
ရှင်မာကု၂:၂၃-၂၈
စစ္စတာရ်ထရီဇာ(ISR)
23။ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကို ဖြတ်၍သွားတော်မူ၏။ ထိုသို့သူတို့သွားနေကြစဉ် ကိုယ်တော်၏ တပည့်တော်တို့သည် ဂျုံစေ့များကို ဆွတ်ခူးကြ၏။ ထိုအခါ ဖာရီဇေးဦးတို့က ကိုယ်တော်အားကြည့်ပါ၊၂၄။သူတို့သည် ဥပုသ်နေ့တွင်မပြုအပ်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်းဟု လျှောက်ကြ၏။၂၅။ ကိုယ်တော်ကလည်း ဒါဝိဒ်မင်းကြီးသည် မိမိနှင့် မိမိအပေါင်းအဖော်များဆာလောင်၍ အခက်ကြုံသောအခါ မည်ကဲ့သို့ပြုခဲ့ကြောင်း သင်တို့မဖတ်ဖူးကြသလော။၂၆။သူသည် ရဟန်းအကြီးအကဲ အာဘိယသာလက်ထက်၌ ဘုရားသခင်၏အိမ်တော်သို့ဝင်လျက် ရဟန်းများမှတစ်ပါး မည်သူမျှ မစားအပ်သောရှေ့တော်တင်မုန့်ကိုယူ၍ စားပြီးမှ မိမိနှင့် အတူရှိသောသူတို့အား ပေးခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလောဟု သူတို့အား မိန့်တော်မူ၏။၂၇။ထို့နောက် ကိုယ်တော်က ဥပုသ်နေ့ကိုလူတို့အတွက် သတ်မှတ်ထားခြင်းဖြစ်၏။ လူတို့ကို ဥပုသ်နေ့အတွက် ဖန်ဆင်းထားခြင်းမဟုတ်။၂၈။ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့၏အရှင်သခင်ပင်ဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။ -------------------------------------------------------------------------------------------------------------------------အချို့သောယုံကြည်သူများမှ တောင်ပေါ်သားများဖြစ်သောကျွန်ုပ်တို့အနေဖြင့် မိမိတို့၏အမှတ်တရနေ့များထက် ဘာသာတရားပွဲနေ့ကြီးများကို ပို၍အမှတ်ယ၊ ပို၍ တန်ဘိုးထားတတ်ကြပါသည်။ သာမန်တနင်္ဂနွေနေ့များနှင့်အတူ ခရစ်တော်သခင်မွေးဖွားသည့် ခရစ္စမတ်ပွဲနေ့၊ ခရစ်တော်သခင်ရှင်ပြန်ထမြောက်သည့် အီစတာတနင်္ဂ နွေနေ့တို့တွင် ဝိညာဉ်ရေးပြင်ဆင်ခြင်းများနှင့်အတူ ထိုနေ့ရက်များအတွက် အနည်းငယ်သပ်ရပ်သည့် သို့မဟုတ် သစ်လွင်သည့်အဝတ်အစားများဝတ်ဆင်နိုင်ရန်အတွက် ပြင်ဆင်ထားတတ်ကြပါသည်။သို့သော် ခေတ်မီတိုးတက်သောနိုင်ငံမှ ဖြစ်ပွားလာသောကူးစက်မြန်ကပ်ရောဂါကြောင့် ကျွန်ုပ်တို့တန်ဘိုးထားသည့် နေ့ရက်များနှင့်အတူ ကျွန်ုပ်တို့၏နှလုံးသားဗဟိုဖြစ်သည့် ဘုရားကျောင်းဗိမာန်တော်သို့ပင် မသွားရောက်နိုင်တော့ဘဲ နေ့ရက်တာများရပ်တန့်သွားရသကဲ့သို့စောင့်ဆိုင်းနေကြရပြန်ပါသည်။ထို့အပြင် မျော်လင့်မထားသော သေမင်းတမန်လက်နက်ကို စောင့်ကြည့်ရသည့်သူတို့၏ရူးသွပ်မှုများနှင့် ခေါင်းမာမှုများကြောင့် အမှန်တရားနှင့် လူသားဆန်ခြင်းများပျောက်ကွယ်ကာ ရက်စက်ကြမ်းကြုတ်ခြင်းများ ရင်ဆိုင်ကြုံတွေ့ရသောအခါ ကြယ်ပွင့်လေးများ များစွာကြွေကျနေရသည်သာမက ဘေးလွတ်ရာသို့ပြေးရှောင်သွားကြပြန်ပါသည်။အဖြစ်အပျက်ဆိုးများနှင့် ကြုံတွေ့နေရသောကျွန်ုပ်တို့အတွက် နေ့ရက်တာများသည် ခါးသီးလွန်းလှပါသည်။ စိုးထိတ် ကြောက်မက်ဖွယ်ဖြစ်ရပါသည်။ စိုးရိမ်ပူပန်မှုများနှင့် ထိတ်လန့်တုန်လှုပ်နေရပါသည်။ သေခြင်းတရားကိုမျက်ဝါးထင်ထင်မြင်တွေ့ရသောကြောင့် မိမိတို့အလှည့်ကိုပင် ပြင်ဆင်ထားကြရပါသည်။ နာကျည်းမုန်းတီးမှုများနှင့်သာ ပြည့်နှက်နေရပါသည်။ ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ဉပုသ်နေ့ကိုလူတို့အတွက် ဖန်ဆင်းထားခြင်း မဟုတ်ဘဲ သတ်မှတ်ထားခြင်းသာဖြစ်ကြောင်း၊ ဉပုသ်နေ့၏အရှင်သခင်သည် ကိုယ်တော်ရှင်သာဖြစ်ကြောင်း နှုတ်မြွက်ထားပါသည်။ နေ့ရက်တိုင်း၏အရှင်သခင်သည် ဘုရားသခင်ဖြစ်သည်။ အဖြစ်အပျက်ဆိုးများမှ ကျွန်ုပ်တို့ကို ကယ်နှုတ်ပိုင်သူသည် ဘုရားရှင်သာဖြစ်ပါသည်။ ယခုကဲ့သို့ ဆိုးရွားခါးသီးကြောက်ရွံ့ထိတ်လန့်ဖွယ် အဖြစ်အပျက် အခြေအနေဆိုးများကိုဖြစ်ပေါ်စေသည့် မကောင်း မိစ္ဆာနတ်ဆိုးများကြောင့် နေ့ရက်တိုင်း၏အရှင်သခင်ကို ကျွန်ုပ်တို့မေ့လျော့နေမိပါလျင် ဖျက်ဆီးသူများအတွက် သူတို့လုပ်ငန်းအောင်မြင်စေရန် အားပေးရာ ပါဝင်ရာရောက်ပေမည်။ သို့ဖြစ်၍ မည်သည့်ရောဂါဆိုးများနှင့် ကြုံတွေ့နေရပါစေ၊ မည်သည့်ပြဿနာဆိုးများနှင့် ရင်ဆိုင်ရသည်ဖြစ်ပါစေ ကျွန်ုပ်တို့၏အရှင်သည် ကျွန်ုပ်တို့အနားတွင်ရှိစေ၍ ကျွန်ုပ်တို့နှင့်အတူ ပြဿနာအခက်အခဲများကို ဖြေရှင်းပေးလျက်ရှိနေပါသည်။ ကိုယ်တော်ရှင်ကိုသာ၍အားကိုး ယုံကြည်လျက် တောင်းလျှောက်ကြပါစို့။
အလိုတော်သည် ပြည့်စုံပါစေသော်။