ဇန်နဝါရီလ၁၉ရက်(ဗုဒ္ဓဟူးနေ့)
ရှင်မာကု(၃:၁-၆)
စစ္စတာရ်ထရီဇာ(ISR)
၁။ကိုယ်တော်သည်တရားဇရပ်သို့တစ်ဖန်ကြွဝင်တော်မူ၏။ထိုနေရာ၌လက်တစ်ဖက်သေနေသော လူတစ်ယောက်ရှိ၏။၂။ထိုအခါသူတို့သည်ကိုယ်တော့်ကိုအပြစ်တင်စွပ်စွဲအံ့သောငှာဥပုသ်နေ့၌ ကိုယ်တော်သည် ထိုသူ့ကိုပျောက်ကင်းစေလိမ့်မည်လောဟုစောင့်ကြည့်နေကြ၏။၃။ကိုယ်တော်သည်လည်းလက်တစ်ဖက်သေသောသူအားရှေ့သို့လာလော့ဟုမိန့်တော်မူ၏။၄။ထို့နောက်ကိုယ်တော်ကဥပုသ်နေ့၌ကောင်းမှုကိုပြုအပ်သလော၊သို့မဟုတ်မကောင်းမှုကိုပြုအပ်သလော။လူ့အသက်ကိုကယ်အပ်သလော၊သို့မဟုတ်သတ်အပ်သလောဟုသူတို့အားမေးတော်မူ၏။သူတို့မူကားတိတ်ဆိတ်စွာနေကြ၏။၅။ထိုအခါကိုယ်တော်သည်သူတို့ကိုအမျက်ဒေါသဖြင့်လှည့်ကြည့်တော်မူ၏။ထိုသူတို့၏စိတ်နှလုံးခိုင်မာခြင်းကြောင့်ကိုယ်တော်သည်ဝမ်းနည်းတော်မူ၍လက်တစ်ဖက်သေနေသောသူအားသင်၏လက်ကိုဆန့်လော့ဟုမိန့်တော်မူ၏။ထိုသူသည်လည်းလက်ကိုဆန့်လိုက်သောအခါသူ၏လက်သည်အကောင်းပကတိအတိုင်းပြန်ဖြစ်သွားလေ၏။၆။ဖာရီဇေးဦးတို့သည်ထွက်သွားကြပြီးလျှင်ကိုယ်တော့်ကိုမည်ကဲ့သို့လုပ်ကြံရမည့်အကြောင်းဟေရုဒ်၏လူများနှင့်ချက်ချင်းတိုင်ပင်ကြ၏။------------------------------------------------------------အပြစ်ရင်းကိုဖြစ်ပေါ်စေသောအကြောင်းရင်းခုနှစ်ထွေမှမနာလိုခြင်းဟူသောတစ်ထွေသည် ကျွန်ုပ်တို့စိတ်နှလုံးအတွင်းတွင်ကိန်းအောင်းနေပါလျင်မိမိကိုယ်ကိုသာမကသူတစ်ပါးကိုပါစိတ်အနှောင့်အယှက်ဖြစ်စေသောအရာဖြစ်ပေသည်။ယင်းစိတ်ခံစားမှုများသည်ဆိုးရွားခံခက်လှသည့်နာတာရှည်ရောဂါတစ်ခုပမာဖြစ်နေတတ်ပါသည်။စိတ်နေမြင့်ခြင်းသည်လည်း၎င်းနှင့်အတူယှဉ်တွဲနေပါမူကျွန်ုပ်တို့ရှိနေသောအသိုင်းအဝိုင်းသည်လောကငရဲပင်ဖြစ်နေပေမည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ခရစ်တော်သခင်ကိုမနာလိုသောကျမ်းတတ်ဆရာနှင့်ဖာရေဇေးဦးတို့မှဉပုသ်နေ့၌ပြုအပ်သောအပြုအမူကိုပြန်လည်မေးမြန်းခြင်းခံရသောအခါဆိတ်ဆိတ်နေခြင်းဖြင့် ခရစ်တော်သခင်ကိုမထီမဲ့မြင်ပြုသည့်အကြောင်းနှင့်အပြစ်ရှာကာလုပ်ကြံရန်ကြံစည်သည့်အကြောင်းနှုတ်မြွက်ထားပါသည်။ကူးစက်မြန်ရောဂါခံစားနေရသောသူများအတွက်ဖွင့်လှစ်သည်စင်တာများတွင်လူနာများစိတ်အားမငယ်စေရန်အားပေးနှစ်သိမ့်သည့်ဖျော်ဖြေရေးအစီအစဉ်များရှိခဲ့ကြပါသည်။သဘာဝဘေးနှင့်ရင်ဆိုင်နေရသောသူများအတွက်ခိုလှုံရာများ၌လာရောက်နှစ်သိမ့်ဖျော်ဖြေပေးမည့်သူများရှိနေခဲ့ဖူးပေသည်။စစ်ဘေးရှောင်နေရသောကျွန်ုပ်တို့အတွက်ကူညီပေးနေသူများရှိသည်နည်းတူ နှစ်သိမ့်ဖျော်ဖြေပေးလိုသူများရှိသော်လည်းသေမင်းတမန်သည်အဘက်ဘက်၌ရှိနေသောကြောင့်နေရမည်လော၊ရှောင်ရမည်လော၊သေရမည်လောဟူသောဗျာပါသောကစိတ်များအကြားဖိစီးမှုများသည်သာကျွန်ုပ်တို့၏လက်ရှိအချိန်နှင့်အနာဂတ်အတွက်အမှောင်ဖုံးလွှမ်းနေပါသည်။၎င်းကဲ့သို့ ဖြစ်စေသည့်မနာလိုခြင်းမှစသည့်လူမဆန်ခြင်းနှင့်ကောက်ကျစ်စဉ်းလဲခြင်းများ၏ရလာဒ်ပင်ဖြစ်ပါသည်။ထို့အတွက်ကြောင့်နားကျည်းမုန်းတီးစက်ဆုတ်ဖွယ်ခံစားရသောအမှန်တရားမြတ်နိုးသူကျွန်ုပ်တို့အနေဖြင့်နေ့ရက်တာရှင်သန်မှုများသည်ခါးသီးလွန်းလှပါသည်။လူမှုအသိုင်းအဝိုင်းကိုအရုပ်ဆိုးအကျည်းတန်စွာဒုက္ခပေးနိုင်သောဤစိတ်ထားများကျွန်ုပ်တို့တွင်ရှိပါကသေးငယ်သောကျွန်ုပ်တို့ကမ္ဘာသည်ပင်အရောင်ပြောင်းစေနိုင်ပါသည်။သို့ဖြစ်၍မိမိ၏မနာလိုတတ်ခြင်းကိုသတိမူမိပြီးပြုပြင်လိုသည့်စိတ်ထား၊သူတစ်ပါး၏တတ်စွမ်းနိုင်ခြင်းကိုဝမ်းမြောက်ခြင်းနှင့်မိမိတွင်လည်းသူတစ်ပါးနှင့်မတူသည့်ထူးခြားသည့်ပါရမီများရှိကြောင်းချစ်တတ်တတ်သောနှလုံးသားနှင့်နှိမ့်ချခြင်းများရှိမှသာလျင်မုဒိတာပွားနိုင်မည်ဖြစ်သည်။သာယာသောကမ္ဘာကို တည်ဆောက်နိုင်ပေမည်။ "အိုသခင် ကျွန်ုပ်တို့လူသားများ၏ပျက်ကွက်ခြင်းအပြစ်ကြောင့် ယိုယွင်းနေသောလူမှုဝန်းကျင်အတွက် နာကျင်နှလုံးသားနှင့် ကျွန်ုပ်တို့ဆပ်ဖြေလျက်ရှိပါသည်။"