၇။ယေဇူးသည်လည်းသူ၏တပည့်တော်တို့နှင့်အတူပင်လယ်အနီးသို့ထွက်ကြွသွားတော်မူလျှင်ဂါလေလေးယပြည်မှများစွာသောလူအစုအဝေးတို့သည်ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ဂျုဒပြည်မှလည်းကောင်း၊၈။ဂျေရဆလင်မြို့မှစ၍အီဒူးမေးယနယ်၊ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊တီရာနှင့်စီဒွန်မြို့ပတ်ဝန်းကျင်မှလည်းကောင်းများစွာသောလူတို့သည်ကိုယ်တော်ပြုတော်မူသမျှတို့ကိုကြားကြသဖြင့်အထံတော်သို့လာကြ၏။၉။လူအစုအဝေးတို့ရှိနေသောကြောင့်လူတို့သည် မိမိကိုတွန်းတိုက်ခြင်းမရှိစေရန်ကိုယ်တော်သည်တပည့်တော်တို့အားမိမိအတွက်လှေတစ်စင်းကိုအသင့်ပြင်ထားမည့်အကြောင်းအမိန့်ရှိတောမူ၏။၁၀။အကြောင်းမူကားကိုယ်တော်သည်လူများစွာကိုရောဂါပျောက်ကင်းစေတော်မူသဖြင့်ရောဂါအမျိုးမျိုးစွဲကပ်နေသောလူတို့သည်ကိုယ်တော့်ကိုတို့ထိနိုင်ရန်အထံတော်သို့တိုးဝင်ကြသောကြောင့်ဖြစ်၏။၁၁။ညစ်ညူးသောနတ်ဆိုးတို့သည်လည်းကိုယ်တော့်ကိုမြင်ကြသည့်အခါတိုင်းရှေ့တော်၌ပျပ်ဝပ်လျက်ကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်ပါသည်ဟုဟစ်အော်ကြ၏။၁၂။သို့သော်ကိုယ်တော်သည်မိမိအကြောင်းကိုထုတ်ဖော်မပြောစေရန်သူတို့ကိုကြပ်တည်းစွာတားမြစ်တော်မူ၏။
■ကျွန်ုပ်တို့ရှင်သန်စဥ်ဖြတ်သန်းရသည့်နေ့စဥ်ဘဝအသက်တာခရီးတွင်ကြုံတွေ့ရင်ဆိုင်ရသောအဖြစ်အပျက်အခြေအနေများသည်ကျွန်ုပ်တို့၏စိတ်နေသဘောထားခံယူချက်များ၊ကျွန်ုပ်တို့၏ဖြစ်တည်မှုများကိုလှစ်ဟဖော်ပြပေးလျက်ရှိနေပါသည်။
■အထူးသဖြင့်ယနေ့ကဲ့သို့အချိန်အခါမျိုးဝယ်အချို့သေးငယ်သောနယ်မြေဒေသ၊အနည်းငယ်သောလူမျိုးစုများ၏ရာစုနည်းပါးရင်ဆိုင်ကြုံတွေ့ခဲ့ရသောခါးသီးမှုများထက်ပျောက်ကွယ်သွားသောအမှန်တရားအတွက်ပြန်လည်ရယူသောအခါပေးဆက်ရင်းရသည့်အရာများသည်ကြီးမားလွန်းလှပေသည်။
■ရေတိမ်တွင်နှာခေါင်းမဖော်နိုင်ဖြစ်ရကာစိုးရွံ့ထိတ်လန့်ခြင်းများကိုသာနေ့စဥ်မှီဝဲစရာများအဖြစ်စားသုံးကြရသည်။
■ဤအတွက်ရပ်တည်ပေးမည့်သူ၊စာနာပေးမည်သူများများစွာရှိနေပါသည်။
■သို့သော်အများစု၏ဖေးမရပ်တည်ခြင်းသည်လေပေါ်တွင်သာရှိနေပါသည်။
■အထူးသဖြင့်ဒေါက်တိုင်ပမာထောက်ထားပေးသူများ၏ဆင်ခြေစကားများသည်မတရားခံရသူများအတွက်မဲ့ပြုံးလေးနှင့်ဟာသတစ်ပုဒ်ဖြစ်နေပေလိမ့်မည်။
■မည်သူနှင့်တူသည်ကိုယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ခရစ်တော်သခင်အားကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်ပါသည်ဟုတတွတ်တွတ်ဟစ်အော်နေသောညစ်ညူးသောနတ်ဆိုးကဲ့သို့ဖြစ်နေပေလိမ့်မည်။■ညစ်ညူးသောနတ်ဆိုးသည်ခရစ်တော်သခင်ကိုကယ်တင်ပိုင်သည့်ဘုရားရှင်ဖြစ်ကြောင်းသိသည်။■ဓမ္မကိုချစ်သော်လည်း၊လိုချင်သော်လည်းမိမိအရေးသာအရေးတကြီးဖြစ်နေသည်။
■တရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းအုပ်စိုးသောအခါအဓမ္မကိုအားပေးခဲ့သောကျွန်ုပ်တို့အားတိတ်ဆိတ်စွာနေရန်၊အမှန်တရားကိုထုတ်ဖော်ပြောဆိုခံစားခြင်းမပြုရန်ခရစ်တော်သခင်သည်ကြပ်တည်းစွာတားမြစ်တော်မူပေလိမ့်မည်။
-အိုသခင်ဖိနှိပ်မှုအမျိုးမျိုးနှင့်နာကျင်နာကြည်းမှုအမျိုးမျိုးတို့ဖြင့်နာဖျားနေသောကျွန်ုပ်တို့သည်ပျောက်ကင်းချမ်းသာရရန်အတွက်ကိုယ်တော့်ကိုတို့ထိလိုပါသည်။-