ဇန်နဝါရီလ(၂၁)ရက်(သောကြာနေ့)
ရှင်မာကု(၃:၁၃-၁၉)
စစ္စတာရ်ထရီဇာ
၁၃။ကိုယ်တော်သည်တောင်ပေါ်သို့တက်၍မိမိအလိုရှိသောသူတို့ကိုခေါ်တော်မူလျှင်သူတို့သည်အထံတော်သို့လာကြ၏။၁၄။ထို့နောက်ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ပါးတို့ကိုမိမိနှင့်အတူရှိစေခြင်းငှာလည်း ကောင်း၊တရားတော်ကိုဟောပြောရန်စေလွှတ်ခြင်းငှာလည်းကောင်းရွေးချယ်ခန့်ထား၍၊၁၅။သူတို့အားနတ်ဆိုးများကိုနှင်ထုတ်နိုင်သောအခွင့်အာဏာကိုလည်းပေးတော်မူ၏။၁၆။ထိုသူတို့သည်ကားပေတရုဟုကိုယ်တော်အမည်ပေးထားသောစီမွန်၊၁၇။မိုးကြိုး၏သားများဟုအဓိပ္ပာယ်ရသည့်ဘိုနာဂျေအမည်ဖြင့်ကိုယ်တော်မှည့်ခေါ်ထားသောဇေဘေဒေဦး၏သားယာကုပ်နှင့်သူ၏ညီယောဟန်၊၁၈။အန္ဒြေးယ၊ဖိလိပု၊ဘာသိုလိုမေးဦး၊မာတေးဦး၊သောမ၊အာလ်ဖေးဦး၏သားယာကုပ်၊သာဒေးဦး၊ကာနန်နယ်သားစီမွန်နှင့်၊၁၉။ကိုယ်တော့်ကိုသစ္စာဖောက်သောဂျုဒအစ္စကာရီယုဒ်တို့ဖြစ်ကြသတည်း။===ဤသည်ကားခရစ်တော်သခင်၏မြတ်သောဧဝံဂေလိတရားတော်ပေတည်း။===လူသားအားလုံးသည်ဖန်ဆင်းရှင်ဘုရားသခင်၏ချစ်ခြင်းကိုယ်ပွားများဖြစ်ကြသောကြောင့်ကိုယ်တော်ရှင်သည်ကျွန်ုပ်တို့အားလုံးကိုတန်းတူချစ်တော်မူသောဘုရားဖြစ်ပါသည်။သို့သော်ကျွန်ုပ်တို့လူသားအချင်းချင်းမှာမူအားလုံးကိုသာတူညီမျှသောချစ်ခြင်းမေတ္တာထားနိုင်ရန်အနည်းငယ်ခက်ခဲမှုရှိပေလိမ့်မည်။အကြောင်းမှာကျွန်ုပ်တို့သည်မိမိတို့၏နယ်မြေဒေသ၊လူမျိုး၊ဘာသစသောအရာများနှင့်သက်ဆိုင်မှသာသို့မဟုတ်နီးစပ်မှုရှိမှသာစိတ်ဝင်စားမှု၊ပေးဆက်လိုမှုရှိတတ်ကြသောကြောင့်ဖြစ်ပေသည်။ဘုရားရှင်သည်သားတော်ဘုရားအားဖြင့်သူ့ကိုယုံကြည်သောသူများ၊သူ၏ချစ်သားသမီးများအဖြစ်ကျွန်ုပ်တို့ကိုခေါ်တော်မူခြင်းဖြစ်ရာဖန်ဆင်းခံအရာသတ္တဝါခပ်သိမ်းကိုသူချစ်တော်မူသကဲ့သို့ကျွန်ုပ်တိုကိုလည်းချစ်မြတ်နိုးစေတော်မူပါသည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ကိုယ်တော်၏နောက်တော်သို့လိုက်ကြသောလူအများအပြားတွင်မိမိနှင့်အတူရှိစေလိုသောတပည့်တော်တစ်ဆယ့်နှစ်ပါးကိုခေါ်၍တမန်တော်အဖြစ်ရွေချယ်ခန့်အပ်ကာလူသားအပေါင်းတိုအားနတ်ဆိုး၏လွှမ်းမိုးခြင်းမှကင်းလွတ်စေရန်နှင့်ကယ်တင်ခြင်းသတင်းကောင်းကိုခံစားရရှိစေရန်အတွက်နတ်ဆိုးကိုနှင်ထုတ်နိုင်သောအခွင့်အာဏာကိုပေးတော်မူသည့်အကြောင်းနှုတ်မြွက်ထားပါသည်။လူသားများအားပေးတော်မူခဲ့သောကမ္ဘာလောကကြီးကိုအုပ်စိုးစေသည့်အခွင့်အာဏာကိုအလွဲသုံးစားခဲ့ကြသောကြောင့်ယနေ့ကဲ့သို့ကျွန်ုပ်တို့ဆိုးရွားစွာပြန်လည်ပေးဆက်ဆပ်ဖြေနေရသောအချိန်အခါဝယ်သွေးဆာနေသောမာရ်နတ်အတွက်အခွင့်ကောင်ပင်ဖြစ်နေပေသည်။နတ်ဆိုးကြောင့်ပျက်စီးခြင်းသို့စုန်ဆင်းနေသည့်ကျွန်ုပ်တို့လူမှုဝန်းကျင်အတွက်ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း။ဤအရိပ်မည်းကိုကျွန်ုပ်တို့မည်ကဲ့သို့ဖယ်ရှားကြမည်နည်း။ကိုယ်တော်ရှင်၏အဖိုးထိုက်လှသောအသွေးတော်သွန်းလောင်းခြင်းအားဖြင့်နတ်ဆိုး၏လက်မှပြန်လည်ရွေးနှုတ်ကယ်တင်ခြင်းခံရသောကျွန်ုပ်တို့တွင်ကျွန်ုပ်တို့၏ကယ်တင်ရှင်ရှိနေပါသည်။မုန်ညင်းစေ့မျှလောက်သောယုံကြည်ခြင်းသည်ပင်တောင်ကိုရွှေ့နိုင်ပါသည်။သို့ဖြစ်၍ယုံကြည်သူများဖြစ်သောကျွန်ုပ်တို့တစ်ဦးစီ၏ယုံကြည်ခြင်းသည်မုန်ညင်းစေ့ထက်သေးငယ်နေပါစေ၊စုပေါင်းလိုက်ပါလျင်ဤပျက်စီးခြင်းနတ်ဆိုး၊အရိပ်မည်းနတ်ဆိုးကိုခရစ်တော်သခင်အားဖြင့်ကျွန်ုပ်တို့နှင်ထုတ်နိုင်ပေမည်ဖြစ်သည်။-အိုသခင်ကိုယ်တော်ရှင်တည်ထောင်တော်မူသောအသင်းတော်အားဖြင့်၊ကိုယ်တော်ရှင်ရွေးနှုတ်တော်မူသောလူမျိုးစုအားဖြင့်ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏မြေတို့ကိုအလုံးစုံပျက်စီးနေခြင်းမှကယ်တင်တော်မူပါ။